သဘောထားတင်းမာသူ ဝန်ကြီးချုပ် ရာဂျာပတ်စာ နုတ်ထွက်၍ သီရိလင်္ကာ အာဏာ လွန်ဆွဲပွဲ တစ်ခန်းရပ်

သဘောထားတင်းမာသူ ဝန်ကြီးချုပ် ရာဂျာပတ်စာ နုတ်ထွက်၍ သီရိလင်္ကာ အာဏာ လွန်ဆွဲပွဲ တစ်ခန်းရပ်

ကိုလံဘို၊ ဒီဇင်ဘာ ၁၅ ။             ။ မဟာဗျူဟာအချက်အခြာကျတဲ့ သီရိလင်္ကာကျွန်းနို်င်ငံမှာ သဘောထားတင်းမာတဲ့ ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပတ်စာဟာ စနေနေ့မှာ ရာထူးက နုတ်ထွက်ပေးလိုက်တာကြောင့် နိုင်ငံကို သီတင်းခုနစ်ပတ်ကြာ အကျပ်အတည်းဆိုက်နေစေတဲ့ အာဏာလွန်ဆွဲပွဲဟာ တစ်ခန်းရပ်စေခဲ့ပါတယ်။

နိုင်ငံကို ကြွေးမြီမဆပ်နိုင်တဲ့ နိုင်ငံအဖြစ်ဆီ ဦးတည်စေတဲ့ အာဏာလွန်ဆွဲပွဲဟာ သမ္မတ မိဿရီပါလာသီရိသေနာက အောက်တိုဘာလအတွင်းမှာ ဝန်ကြီးချုပ် ရာနေးဝစ်ခရီမီဆင်းချ်ကို ရာထူးက ဖယ်ရှားပြီး ယခင်ခေါင်းဆောင်ဟောင်း ရာဂျာပတ်စာကို အစားထိုးခန့်အပ်လိုက်ချိန်ကစလို့ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေခဲ့တာပါ။

အောက်တိုဘာ ၂၆ ရက်က အငြင်းပွားဖွယ် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခံခဲ့ရတာကို ဒီကနေ့မှာတော့ ရာဂျာပတ်စာဟာ သူ့ရဲ့ နေအိမ်မှာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလို လက်မှတ်ရေးထိုးပွဲကို ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီး အခမ်းအနားတစ်ရပ်အနေနဲ့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ရာနေးကို ဖြုတ်ချပြီး ရာဂျာပတ်စာကို အစားထိုးခန့်အပ်တဲ့ သမ္မတရဲ့ လုပ်ရပ်ကြောင်း သီရိလင်္ကာမှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်ခဲ့ပါတယ်။ ဖြုတ်ချခံ ဝန်ကြီးချုပ် ရာနေးက သူ့ကို ဖြုတ်ချတာဟာ တရားမဝင်ကြောင်း ငြင်းပယ်တာကြောင့် ဝန်ကြီးချုပ်နှစ်ဦး ရှိနေခဲ့တာမျိုး ဖြစ်ပေါ်ခဲ့တာပါ။

သမ္မတဟာ ဝန်ကြီးချုပ် ပြောင်းလဲခန့်အပ်ရုံမက လွှတ်တော်ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။ ဒါပေမယ့် သမ္မတရဲ့ ဒီလုပ်ဆောင်ချက်တွေဟာ တရားမဝင်ကြောင်း ကြာသပတေးနေ့မှာ နိုင်ငံရဲ့ တရားရုံးချုပ်က စီရင်ချက် ချလိုက်ပြီးနောက်မှာ ရာဂျာပတ်စာရဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်မှု ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required