ရပ်ထားသည့် မော်တော်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

By မျိုးထွန်းနိုင်
15 December 2018
ရပ်ထားသည့် မော်တော်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ်ပုံ- CCDAC Myanmar

ရန်ကုန်၊  ဒီဇင်ဘာ ၁၅ ။            ။ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်တွင် ရပ်ထားသည့် မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ဝနာရီ ၃၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃) မိုးညှင်း မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ဟိုပင်မြို့နယ်၊ (၇)မိုင်ကျေးရွာအုပ်စု၊ ဇီးကုန်း ကျေးရွာ၊ ဟိုပင်-လုံးတုံ-ကုန်းသာ-ညောင်ပင်လမ်းတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ် ၁ စီးနှင့် လူ ၄ ဦးအား စစ်ဆေးရန်ပြုလုပ်စဉ် အဆိုပါလူ ၄ ဦးမှာ လမ်းဘေးချောက်အတွင်းသို့ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ကျန်ရှိသည့် မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်နောက်ခန်းရှိ ခရီးဆောင်အိတ်များအတွင်းမှ ဆပ်ပြာခွက် ၅၇၂ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၅၇၂၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၅၇၆ သိန်း)၊ ကပ်ခွာအိတ်များဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၆၆၆၉၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၀၀၀၇ သိန်း)နှင့် ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းဆီခဲ ၁၄၃၇၀ ဂရမ် (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၆၈၉.၇၆ သိန်း)တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

 အဆိုပါ ဖြစ်စဉ်အတွက် ဟိုပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့်အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly