လောင်းကစားအကြွေးပေးရန် ငွေလိုသဖြင့် ဦးလေးအရင်းမှ တူမဖြစ်သူကိုသတ်၍ ရွှေထည်များလုယူ

By မျိုးထွန်းနိုင်
15 December 2018
လောင်းကစားအကြွေးပေးရန် ငွေလိုသဖြင့် ဦးလေးအရင်းမှ တူမဖြစ်သူကိုသတ်၍ ရွှေထည်များလုယူ
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။           ။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာတွင် လောင်းကစားအကြွေးများပေးရန် ငွေလိုသဖြင့် ဦးလေး အရင်းဖြစ်သူမှ အသက် ၈ နှစ်အရွယ် တူမဖြစ်သူကို သတ်ကာ ရွှေထည်ပစ္စည်းများ လုယူမှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာတွင် နေထိုင်သော ဦးဝင်းဇော်ဦးသည် ၎င်း၏ သမီးဖြစ်သူ မမိုးဝဿန်(၈)နှစ် (ဒုတိယတန်း)မှာ မြို့သစ်အခြေခံမူလတန်းလွန်းကျောင်းသို့ နေအိမ်မှ စက်ဘီးဖြင့်ကျောင်းသွားတက်ခဲ့ပြီး နေ့လယ် ထမင်း စားချိန်၌ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ကျောင်းသို့ သွားရောက်မေးမြန်းစဉ် ကျောင်း မတက်ကြောင်း သိရှိရသောကြောင့် သမီးဖြစ်သူ မမိုးဝဿန်အား ကူညီစုံစမ်းရှာဖွေပေးရန် အေလာနယ်မြေ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖခင်ဖြစ်သူနှင့် အတူလိုက်လံ ရှာဖွေခဲ့ရာ နေပြည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံ အဟောင်းအနီး၌ မမိုးဝဿန်အား လည်ပင်း/မျက်နှာတို့တွင် ညိုမဲဒဏ်ရာများရရှိကာ သေဆုံးလျက်တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 ထို့အပြင် ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်စွပ်(၁)ကွင်း၊ ရွှေနားဆွဲ(၁)ရံနှင့် စက်ဘီး(၁)စီး စုစုပေါင်းတန်ဖိုးငွေကျပ်(၈၈၀၀၀၀)တို့မှာ ပျောက်ဆုံးနေသဖြင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းချက်အရ အေလာ နယ်မြေရဲစခန်း (ပ)၁၉၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့ရာ အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် မမိုးဝဿန်အား ၎င်း၏ ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်(၂၄)နှစ် မှ ဆိုင်ကယ် (၁)စီးဖြင့် ခေါ်ဆောင်သွားကြောင်းသိရှိရ၍ ကျော်ရဲ(ခ)ဇော်လင်းအောင်အား ခေါ်ယူစစ်ဆေးခဲ့ရာမှ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်များအရ ကျော်ရဲ(ခ)ဇော်လင်းအောင်မှာ လောင်းကစားရှုံး၍ အကြွေးပေးရန်နှင့် ဆိုင်ကယ် ပြန်ရွေးရန် ငွေလိုသဖြင့် မမိုးဝဿန်အား မုန့်ကျွေးမည်ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး မမိုးဝဿန်အား ရွှေထည် ပစ္စည်းများပေးရန်တောင်းခဲ့ရာ မပေးဘဲ ငြင်းဆိုနေသဖြင့် နေပြည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံအဟောင်းအနီးသို့ ခေါ်ဆောင်ကာ ဆွဲကြိုးဖြုတ်စဉ် အော်ဟစ်နေသောကြောင့် ပါးစပ်ပိတ်၍ လည်ပင်းအား ညှစ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း ထို့နောက် မမိုးဝဿန်ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ဖြုတ်၍ ယူဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်အား ဖမ်းဆီးပြီး အေလာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required