မြိတ်ကွမ်းရွက်စိုက်တောင်သူများ အမြစ်ပုတ်သေရောဂါကြောင့် အခက်ကြုံ

မြိတ်ကွမ်းရွက်စိုက်တောင်သူများ အမြစ်ပုတ်သေရောဂါကြောင့် အခက်ကြုံ

မြိတ်၊ ဒီဇင်ဘာလ ၁၅ ။           ။ မြိတ်မြို့နှင့် ကျေးရွာအချို့တို့ရှိ ကွမ်းရွက်ပင်များတွင်အမြစ်ပုတ်သေရောဂါများ ကျရောက်နေ၍ ကွမ်းရွက်စိုက် တောင်သူများ အခက်ကြုံနေရကြောင်း သိရသည်။

 “ ကွမ်းရွက်စျေးက ပုံသေ မရှိပါဘူး၊ ဒီလိုပဲ လအလိုက် တက်လိုက်၊ ကျလိုက်နဲ့ဆိုတော့ ဒါက သိပ်ပြဿနာ မဟုတ်ဘူး၊ မြိတ်မှာ ခြံရှင်အတော်များများမှာ အဓိက ကြုံနေရတာက မြစ်အပုတ်သေရောဂါ ဖြစ်ပွားနေတာပါပဲ၊ အခုချိန်အထိ တောင်သူတွေ ကုစားဖို့ အဖြေရှာ မရ ဖြစ်နေတယ်”ဟု ကွမ်းရွက်စိုက် လုပ်သက် ၁၅ နှစ်ခန့်ရှိသူ ဦးအိုသိန်းက ပြောဆိုသည်။

မြိတ်ဒေသတွင် ကွမ်းရွက်စိုက်ပျိုးသည့် နေရာအများဆုံးမှာ ကလွင်ကျေး၊ ဘုတ်ချောင်း၊ ရှမ်းချောင်း၊ ချောင်းကူး ငယ်၊ စန္ဒာဝတ်ကျေးရွာနှင့် ရှောင်ကွင်းလမ်းတို့တွင် အပင်ရေ ထောင်နှင့်ချီ၍ စိုက်ပျိုးကြကြောင်း ကွမ်းရွက်စိုက် ခြံရှင်များထံမှ သိရသည်။

“ကွမ်းရွက်ပင်တွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ မြစ်အပုတ်သေရောဂါက ဒီဘက်က မြေဆီလွှာတွေနဲ့လည်း ဆိုင်တယ်လို့ ထင်ပါတယ်၊ အထက်မြန်မာပြည်တွေမှာ ဒါမျိုး ဖြစ်ပွားတာ သိပ်မရှိဘူးလို့ သိရပါတယ်၊ ခြံရှင်တွေမှာ အများစု ဖြစ်ပွားနေတာကို တွေ့ရပေမယ့် သေသေချာချာလေး ဂရုစိုက် စိုက်ပျိုးရင်တော့ ရောဂါ ဖြစ်ပွားမှုက နည်းနည်း သက်သာတယ်” ဟု ကွမ်းရွက်စိုက်လုပ်သက် ၅ နှစ်ရှိသူ ကိုရန်နိုင်ကျော်က ပြောသည်။

မြိတ်ဒေသထွက် ကွမ်းရွက်များသည်၊ ကော့သောင်း၊ ထားဝယ်၊ ရန်ကုန်နှင့် တရုတ်ပြည်သို့ တင်ပို့မှုများလည်း ရှိကြောင်း သိရသည််။

အမြစ်ပုတ်သေရောဂါသည် ကွမ်းပင်အောက်ပိုင်း ပုတ်လာပြီး အပင်အပေါ်ပိုင်းမှ ကွမ်းရွက်များ တစ်ဖြည်းဖြည်း နွမ်းခြောက်သွားခြင်း ဖြစ်သည်။

“ဒီအမြစ်ပုတ်သေရောဂါက ဒီဘက်မှာ တောင်သူတွေက ဓာတ်မြေသြဇာနေရာမှာ ကြက်ချီးတွေ ထည့်တာ ရှိတော့  မြေဆီလွှာတွေပုတ်ရာမှ အပင်ကို ရောဂါဖြစ်စေတာ ဖြစ်ပါတယ်၊ နောက်ပြီး၊ ကွမ်းရွက်အပင် စမစိုက်ခင် မြေနေရာကို သန့်စင်ဖို့ လိုသလို ဒီရောဂါ ကျရောက်လာပါက (Trichoderma) လို့ ခေါ်တဲ့ မှိုဆေးကို အသုံးပြုရင် ရောဂါဖြစ်ပွားမှုကို သက်သာစေပါတယ်”ဟု မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးသိန်းစိုးက ရှင်းပြသည်။

လက်ရှိမှာ အရွက် ၅၀ ပါ ကွမ်းရွက် ၁ စည်းကို ၅၀၀ ကျပ် ပေါက်စျေး ရှိကြောင်း ခြံပိုင်ရှင်များနှင့် အဝယ်ဒိုင်များထံမှ သိရသည်။

မြိတ်မြို့၌ ဒေသတွင်း ကွမ်းယာစားသုံးမှု မြင့်တက်လာသလို ကွမ်းရွက်စိုက်ပျိုးသူများလည်း များပြားလာ ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly