မြိတ်တွင် လူအင်အား ၆၀၀ ကျော်ဖြင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

မြိတ်တွင် လူအင်အား ၆၀၀ ကျော်ဖြင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

မြိတ်၊ ဒီဇင်ဘာ ၁၅ ။               ။ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် မြို့နယ် ၄ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း အင်အား ၆၀၀ ကျော်ဖြင့် တပ်မတော်ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲဟု ဆိုသည့်ပွဲကို မြိတ်၊ တနင်္သာရီ၊ ကျွန်းစုနှင့် ပုလောမြို့နယ်တို့မှ အဖွဲ့ဝင်များမှ အသီးသီး လာရောက် ပူးပေါင်းကာ မြိတ်မြို့၊ ကန်ဖျား လမ်းမကြီးရှိ ဦးမြတ်လေးပန်းခြံအရှေ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအရှေ့၌ စုရုံးစီတန်း ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ (ဗိုလ်မှူး အငြိမ်းစား) ဦးဝင်းသိန်းက“ကျွန်တော်တို့ အခု စစ်မှုထမ်းဟောင်းရုံးအရှေ့မှာ စုဝေးပြီးတော့ ဆန္ဒဖော်ထုတ်တဲ့ပွဲမှာတော့ မြိတ်ခရိုင်အတွင်းမှာ ရှိတဲ့ စစ်မှုထမ်းဟောင််းအဖွဲ့ဝင်တွေ အားလုံးက  တပ်မတော်ကို ထောက်ခံပါကြောင်း၊ ပြင်ပစွက်ဖက်မှုတွေ ဖြစ်တဲ့ နိုင်ငံတချို့နဲ့ မီဒီယာတွေက ရည်ရွယ်ချက်ရှိရှိ ထိုးနက်တိုက်ခိုက်တာတွေ၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်တင် ဝေဖန်တာတွေကို ဆန့်ကျင်ရှုတ်ချ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ပြီးခဲ့သည့် ရက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တပ်မတော်သည် ပြည်သူထောက်ခံမှု ရရှိပြီး၊ အဖွဲ့အစည်းဖြစ်၍ ထောက်ခံပွဲများကို ပြုလုပ်ရန် မလိုအပ်ကြောင်းနှင့် ဆက်လက် ပြုလုပ်လာပါက ပြည်သူနှင့်တပ်မတော်သည်၊ သွေးကွဲစေနိုင်ပါသဖြင့် ပြုလုပ်ခွင့် မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

 “ပထမတော့ ခွင့်မပြုဘူး ဆိုပေမယ့် ဆူဆူပူပူ မလုပ်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ရင်တော့ လုပ်လို့ ရတယ်ဆိုလို့ ဒီကနေ့မှာ ဆိုင်းဘုတ်ကိုင်ပြီး၊ လမ်းပေါ်မှာပဲ တိတ်ဆိတ်ငြိမ်သက်ပြီး၊ ပြုလုပ်မှာမို့ ခွင့်ပြုချက် ရထားပြီး ဖြစ်တယ်” ဟု အထက်ပါ ဦးဝင်းသိန်း(ဗိုလ်မှူးအငြိမ်းစား) က ထပ်လောင်းပြောဆိုသည်။

သို့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမခွင့်ပြုချက် ရခဲ့သဖြင့် ယနေ့ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထောက်ခံသူများဘက်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly