ထိုင်းထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက်သို့ အောင်သူပြောင်းရွှေ့

ထိုင်းထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက်သို့ အောင်သူပြောင်းရွှေ့
ဓာတ်ပုံ-AT 9 Futsal Complex

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။              ။ မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းကလပ် ပူလစ်တယ်ရို (Police Tero) မှ ထိုင်း ထိပ်သီးကလပ်တစ်ခု ဖြစ်သည့် မြောင်တောင်ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့သွားပြီဖြစ်သည်။

ထိုင်းလိဂ်ထိပ်သီး ဘောလုံးကလပ်အသင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြောင်တောင်ယူနိုက်တက် ကလပ်အသင်း၏ အိမ်ကွင်းတွင် အောင်သူအား စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်သွားမည်ဟုလည်း မြောင်တောင်ယူနိုက်တက်အသင်းက ထုတ်ပြန်ထားသည်။

၂၀၁၅ ဖီဖာအသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့ လူငယ်လက်ရွေးစင် အသင်းနှင့်အတူ ခြေစွမ်း ပြ ဂိုးသွင်းယူနိုင်ခဲ့သည့် အောင်သူသည် ၂၀၁၇ နိုဝင်ဘာလထဲတွင် ပြည်တွင်းကလပ် ရတနာပုံအသင်း မှ ထိုင်းလိဂ် ၁ မှ ပူလစ်တယ်ရိုကလပ်အသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေသူလည်း ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိသော တိုက်စစ်မှူးအောင်သူသည် ပူလစ်တယ်ရိုကလပ်အသင်းတွင် ပွဲပေါင်း ၃၀ ကစားပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် အထိ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။သို့သော်လည်း သူကစားခဲ့သည့်ပူလစ်တယ်ရိုကလပ် အသင်းသည် ထိုင်းအမှတ်ပေးပြိုင်ပွဲ၏ ရာသီအကုန်တွင် အဆင့် ၁၅ သာ ရရှိခဲ့ခြင်းကြောင့် ထိုင်းလိဂ် ၂ သို့ တန်းဆင်းသွားခဲ့ရသည်။

 လက်ရှိ အောင်သူအား ခေါ်ယူခဲ့သည့် မြောင်တောင်ယူနိုက်တက်အသင်းသည် ထိုင်းလိဂ် ၁ ၌ အဆင့် ၄ နေရာတွင် ရပ်တည်ထားခဲ့သည့် အသင်းကြီး တစ်သင်းဖြစ်ပြီး အသင်းတွင် နာမည်ကြီးတိုက်စစ်မှူးများ အများအပြားရှိနေခြင်းကြောင့် ပွဲမှန်ပွဲထွက်ခွင့်ရရှိရန် အောင်သူအနေဖြင့် ကြိုးစားရမည်ဖြစ်သည်။

အောင်သူသည် မြန်မာနိုင်ငံလက်ရွေးစင်အသင်းကြီး၏ တိုက်စစ်မှူးဖြစ်ပြီး သက်တမ်းအလိုက်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သူဖြစ်ပြီး မြန်မာပြည်တွင်းကလပ် ရတနာပုံကလပ်အသင်းတွင် ခြေစွမ်းပြ ကစား ထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required