၂၀၁၈ ခုနှစ်သည် ရခိုင်ပြည်နယ်အတွက် မင်္ဂလာရှိသောနှစ်ဖြစ်သည်ဟု သမ္မတပြော

၂၀၁၈ ခုနှစ်သည် ရခိုင်ပြည်နယ်အတွက် မင်္ဂလာရှိသောနှစ်ဖြစ်သည်ဟု သမ္မတပြော
ဓာတ်ပုံ - Myanmar President Office

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။            ။ ၂၀၁၈ ခုနှစ်အတွင်း၌ ရခိုင်ပြည်နယ်အတွင်းတွင် သဘာဝဘေးဒဏ်များ လွတ်ကင်းခဲ့ပြီး မောင်တော ဒေသ တွင်လည်း တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိခဲ့ခြင်းကြောင့် မင်္ဂလာရှိသောနှစ်ဖြစ်သည်ဟု သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

 ရခိုင်ပြည်နယ်၏လုံခြုံမှု ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရန် ပြည်ထောင်စု အစိုးရ အနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်နေသည်ဟုလည်း သဝဏ်လွှာတွင်ပါရှိသည်။

 
သို့သော်လည်း လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းကြောင့်  ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းနှင့် ကျောက်ဆည်တောင် ကျေးရွာမှ  ဒေသခံ ၃၀၀ ခန့်သည် စစ်ဘေးရှောင်နေရသည်။

 ယင်းတိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ချချားတောင်၊ မြိုမချောင်း၊ နွားရုံတောင်၊ ဥယျာဉ်သာ စသည့် ကျးရွာများတွင်နေထိုင်သည့် ဒေသခံများသည်လည်း လုပ်ငန်းခွင် သို့ မသွားရောက်နိုင်ဘဲ အခက်အခဲ ဖြစ်နေကြသည်။

 ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း သမ္မတ၏ သဝဏ်လွှာထဲတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

 သမ္မတ၏သဝဏ်လွှာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ဒေသခံပြည်သူများ၏ သဘောထား ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားသက်ရောက်နိုင်မှုများကို အလေးထားသုံးသပ်ပြီး စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းဆောင်ရွက်နေသည်ဟုလည်း ဖော်ပြထားသည်။

 ယင်းအပြင် မောင်တောဒေသ၌ 66 KV ဓာတ်အားလိုင်းမှ ဖြန့်ဖြူးပေးနိုင်ရန် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်းတည်ဆောက်ခြင်းကိုလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ယင်းအတွက်ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း၌ မောင်တောမြို့နှင့် အနီးအနားရွာများအား ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်နေသည်ဟု သမ္မတဦးဝင်းမြင့် သဝဏ်လွှာတွင် ပါရှိသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်သွားကြသည့် နေရပ်စွန့်ခွာသူများနှင့်ပတ်သက်ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံဘက်က ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ သို့သော်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဘင်္ဂလားနိုင်ငံဘက်မှ ပြန်လည်ဝင်ရောက် လာသူများ မရှိသေးပေ။

 

သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာအတွင်း၌ ရခိုင်တိုင်းရင်းသားများအနေဖြင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် အမြော်အမြင်ကြီးစွာ ဆက်လက်ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုမှု ကိုလည်း ထည့်သွင်းရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required