ပျော့ပြောင်းနူးညံ့မှုနှင့် မာကျောကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားသည့် အန်တိုနီယာ

ပျော့ပြောင်းနူးညံ့မှုနှင့် မာကျောကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားသည့် အန်တိုနီယာ

ဒီဇင်ဘာ ၁၄ ။              ။ ယနေ့ Facebook ပေါ်တွင် လူငယ်များအကြား ရေပန်းစားနေသော TikTok ဗီဒီယိုများအနက် ဖြူဖြူသွယ်သွယ် မိန်းကလေးတစ်ယောက်၏ သဲအိတ်တစ်လုံးကို ခွန်အားအပြည့်ဖြင့် ထိုးကြိတ်ကန်ကျောက်နေသည့် ပုံရိပ်များ ကို အံ့အားသင့်ဖွယ်တွေ့မြင်ရမည် ဖြစ်သည်။

ဤကဲ့သို့ ပျော့ပြောင်းနူးညံ့မှုနှင့် မာကျောကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားသော ဘိုဇီနာအန်တိုနီယာအမည်ရှိ မိန်းကလေးသည် အထူးချွန်ဆုံး မြန်မာ့ဂုဏ်ဆောင် အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား တစ်ဦးလည်း ဖြစ်သည်။

တိုက်ခိုက်ရေး ကိုယ်ခံပညာအားကစားကို လိုက်စားနေသော်လည်း ဖြူစင်နုနယ်သောရုပ်ရည်ရှိသည့် အန်တိုနီယာသည် One Championship ၏ အမျိုးသမီး အက်တန်ဝိတ်တန်းတွင် ပါဝင်ယှဉ်ပြိုင်ကစားနေသူ ဖြစ်သည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝတွင် ပြိုင်ပွဲ ၂ ပွဲသာ ယှဉ်ပြိုင်ရသေးသည့်တိုင် အနောက်တိုင်းလက်ဝှေ့ (Boxing) အားကစားတွင် ပြည်တွင်းရွှေတံဆိပ်ဆုများ ဆွတ်ခူးထားသူဖြစ်သဖြင့် အလားအလာကောင်းသည့် အမျိုးသမီး အားကစားသမားတစ်ဦးဟုလည်း သတ်မှတ်ခံထားရသည်။

ကယန်းလူမျိုး အန်တိုနီယာသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ငယ်ဘဝကို ဖြတ်သန်းကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကတည်းက အဆိုအကအနုပညာကို ဝါသနာပါခဲ့သည်ဟု ၎င်းက ဆိုသည်။ အန်တိုနီယာသည် နောင်ယန်း အထက(၃) ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ပညာသင်ယူ ခဲ့သော်လည်း အနုပညာအလုပ် လုပ်လိုသည့် ၎င်း၏ဆန္ဒကို မိဘများက လိုက်လျောခွင့်ပြုခြင်းမရှိသဖြင့် ကျောင်းဆက် မတက်တော့သည်အထိ အတိုက်အခံ ပြုလုပ်ခဲ့သည်။

ဝါသနာပါသည့် အလုပ်ကိုမလုပ်ရသည်အခါ အန်တိုနီယာသည် ဘောလုံးအားကစားဘက်သို့ အာရုံပြောင်းခဲ့ပြီး ရန်ကုန် အားကစားနှင့် ကာယသိပ္ပံဦးစီးဌာနမှ ပြုလုပ်သည့် လူရွေးပွဲတွင် ရွေးချယ်ခံခဲ့ရသည်။

သို့သော် ရန်ကုန်တွင် ဘောလုံးကစားနည်းသင်တန်းတက်ရန် မိဘများက ခွင့်မပြုသဖြင့် ဘောလုံးသမား ဖြစ်ခွင့်နှင့် လွဲချော်ခဲ့ပြန်သည်။ ငယ်ရွယ်သေးသည့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် မိဝေးဖဝေးနှင့် သီးခြားနေထိုင်ရန် မိဘများက စိတ်မချခဲ့ပေ။

နောက်ပိုင်းတွင် အန်တိုနီယာသည် မထင်မှတ်ပဲ အနောက်တိုင်း လက်ဝှေ့အားကစားကို သင်ယူခွင့်ရခဲ့သည်။

“Boxing အားကစားကို အရင်က မသိခဲ့ဘုူး။ ရိုးရာလက်ဝှေ့ကိုတောင် တီဗွီထဲမှာပဲ မြင်ဖူးတာ။ အဲ့ဒီတော့ Boxing ကို ဘယ်လိုကစားရလဲမသိဘူးပေါ့။ ရိုးရာပဲသိထားတာဆိုတော့ ကစားကြည့်မယ်ဆိုပြီ အဖေနဲ့ အတိိုက်အခံလုပ်ပြီး Boxing ကစားဖြစ်ခဲ့တယ်။” ဟု အန်တိုနီယာက ပြန်ပြောပြခဲ့သည်။

အန်တိုနီယာသည် ယခုအကြိမ်တွင်တော့ မိဘများတားမြစ်မည် စိုးရိမ်သောကြောင့် ဖွင့်မပြောတော့ဘဲ တိုင်းနှင့်ပြည်နယ်ပွဲအတွက် လျှို့ဝှက်လေ့ကျင့်နေခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ၂ ရက်အလိုတွင် ၎င်းသည် မိဘများကို ဖွင့်ပြောလိုက်သောအခါ မိဘများအနေဖြင့် နုနယ်သောမိန်းကလေးတစ်ယောက်က ထိခိုက်ဒဏ်ရာရနိုင်ပြီး ကြမ်းတမ်းသည့် လက်ဝှေ့အားကစားကို ဝင်ရောက်ယှဉ်ပြိုင်မည်ကို လုံးဝ လက်မခံနိုင်ခဲ့ချေ။ နောက်ဆုံးတွင် ၎င်း၏ဖခင်က မအောင်မြင်လျှင် အိမ်သို့လုံးဝပြန်မလာရန်် တစ်ချက်လွှတ် အမိန့် ထုတ်လိုက်သဖြင့် အန်တိုနီယာသည် ပြိုင်ပွဲကျင်းပရာ နေပြည်တော်သို့ အောင်မြင်မှုများ အရယူရန် စိတ်ပိုင်းဖြတ်၍ ထွက်လာခဲ့ရသည်။

တိုင်းနှင့်ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်  ၂ ခု၊ ငွေတံဆိပ် ၁ ခု နှင့် ကြေးတံဆိပ် ၁ ခု ရရှိသည် အထိအောင်မြင်ခဲ့ကာ ဆီးဂိမ်းပြိုင်ပွဲအတွက်ပင် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်ခဲ့ရသည်။ သို့သော် အတွေ့အကြုံနုနယ်သေးသဖြင့် နိုင်ငံကိုယ်စားပြုကစားသမားတစ်ဦး ဖြစ်ခွင့်မရခဲ့ချေ။ ဆီးဂိမ်းအပြီးတွင်မူ လက်ဝှေ့အဖွဲ့ချုပ်မှ နုတ်ထွက်လိုက်ပြီး မိသားစုထံမပြန်ဘဲ အလွတ်တန်းပြိုင်ပွဲများသာ လိုက်လံ ယှဉ်ပြိုင်ခဲ့သည်။ အနောက်တိုင်းလက်ဝှေ့သည် မြန်မာနိုင်ငံတွင် ရေပန်းစားသည့်အားကစားမဟုတ်သဖြင့် အန်တိုနီယာသည် လက်ဝှေ့အားကစားသက်သက်ဖြင့် ဘဝရပ်တည်နိုင်ရန် ခက်ခဲခဲ့သည်။

ထို့ကြောင့် စားဝတ်နေရေးအတွက် ကိုယ်ကာယကြံ့ခိုင်ရေး Gym များတွင် နည်းပြဆရာမတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ရသည်။ နေပြည်တော်တွင် နေထိုင်စဉ်က ဟိုတယ် Gym များတွင် နည်းပြလုပ်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းရွှေ့လာချိန်တွင် လမ်းမတော်ရှိ Transcend Fitness Centre ၌ နည်းပြအဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်း Gym တွင် အလုပ်လုပ်ခဲ့ခြင်းက ၎င်းကို ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦး ဖြစ်လာစေရန် လမ်းစတစ်ခုဖြစ်စေခဲ့သည်။

“ကျွန်မ အလုပ်လုပ်တဲ့နေရာမှာ WLC က ရှင်းလင်းပွဲလာလုပ်တော့ ကျွန်မကိုတွေ့သွားတယ်။ One က အမျိုးသမီးကစားသမား လိုတယ်ပေါ့နော်။ လုပ်မလားဆိုတော့ ကျွန်မလည်း လုပ်မယ်ပေါ့။ ကိုယ့်မြန်မာပြည် အတွက်လည်း ကိုယ်စားပြုကစားချင်တယ်ဆိုတော့ လုပ်မယ်ဆိုပြီး ခေါင်းငြိမ့်လိုက်တာ။ အဲဒီမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံလောကထဲ စဝင်ဖြစ်သွားတာပါ။” ဟု အန်တိုနီယာက ၎င်း၏ဘဝတစ်ဆစ်ချိုးဖြစ်ခဲ့ပုံ အကြောင်း ပြောပြခဲ့သည်။

အန်တိုနီယာ၏ ပွဲဦးထွက် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲမှာ ယခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပခဲ့သော One Championship: Quest for Gold ပြိုင်ပွဲကြီးတွင်ဖြစ်ပြီး အမျိုးသမီးစတောဝိတ်တန်းပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ရွှေစင်ကို ၂၄ စက္ကန့်အတွင်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

သို့သော် ထိုပွဲအပြီးရှစ်လအကြာတွင် ဒုတိယမြောက်ပြိုင်ပွဲအဖြစ် အတွေ့အကြုံပိုများသည့် ထိုင်းကစားသမား ရီကာအစ်ရှက်ဂ်ကို ရင်ဆိုင်ရချိ်န်တွင် ပွဲချိန် ၂ မိနစ် ၄၈ စက္ကန့်၌ပင် ဒိုင်ပွဲရပ်ပုံစံဖြင့် ရှုံးနိမ့်ခဲ့ရသည်။

လက်ရှိတွင် အန်တိုနီယာသည် လာမည့်ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲများအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ၎င်းသည် ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေသလို နိုင်ငံခြားသားဆရာများကိုပါ ငှားရမ်းပြီး လေ့ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။

လာမည့်ပွဲများတွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် ကြိုးဝိုင်းထဲသို့ အလျင်စလို ပြန်သွားမည် မဟုတ်ဘဲ အချိန်ယူလေ့ကျင့်ပြင်ဆင်မည်ဟု အန်တိုနီယာက ဆိုသည်။

"ကျွန်မက အဆင်သင့် မဖြစ်သေးဘူး။ ကျွန်မရဲ့ မြေပြင်ကစားကွက် သိပ်အားနည်းနေသေးတယ်။ အကောင်းဆုံး ယှဉ်ပြိုင်ချင်ပါတယ်။ အချိန်တိုလေးနဲ့ ပြိုင်ပွဲမပြိုင်ချင်တော့ဘူး။ အရမ်းတာဝန်ကြီးတယ်လေ။ အဲဒါကြောင့် မပြိုင်သေးဘူးလို့ ငြင်းထားတယ်။ ဒီသုံးလပိုင်းလောက်မှာတော့ ပြန််ပြိုင်ဖြစ်မယ်ထင်တယ်။ အိမ်ရှင်ပွဲပေါ့။”ဟု အန်တိုနီယာက ပြောပြခဲ့သည်။

ကယားပြည်နယ်တွင် ကျန်ခဲ့သည့် မိဘများကလည်း ယခုအခါ ၎င်း၏ဝါသနာကို သဘောတူလက်ခံကြပြီ ဖြစ်ကြောင်းကို အန်တိုနီယာက ဆက်လက်ပြောပြခဲ့သည်။ ကျောင်းဆရာမအဖြစ်လုပ်ကိုင်နေသော မိခင်သည် ၎င်းအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသေးသော်လည်း၊ တစ်ချိန်က ခါးခါးသီးသီး တားမြစ်ခဲ့ဖူးသည့် ဖခင်ဖြစ်သူ သည် အလွန်အားပေးနေပြီဖြစ်ကြောင်း သိရသည်။ မိသားစုထဲတွင်လည်း ယခုကဲ့သို့ ထွန်းထွန်းပေါက်ပေါက် အောင်မြင်လာသူမှာ ၎င်းတစ်ဦးတည်းသာရှိသဖြင့် တစ်မိသားစုလုံး ဝိုင်းဝန်းအားပေးကြသည်ဟုဆိုသည်။

တစ်ဘက်တွင်လည်း ငယ်စဉ်ကတည်းက ပါလာခဲ့သည့် အနုပညာဝါသနာကို ယခုချိန်ထိ မစွန့်လွှတ်နိုင် သေးကြောင်း အန်တိုနီယာက ဝန်ခံခဲ့သည်။ ၎င်းသည် သီချင်းဆိုသည့်အလုပ်ကို ဝါသနာပါ၍ စိတ်ဝင်စားသော် လည်း၊ စနစ်တကျသီဆိုနိုင်ရန် အချိန်ပေးလေ့လာဆည်းပူးရမည်ဖြစ်သဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲအတွက် အာရုံစူးစိုက်မှု လျော့ကျမသွားစေရန် ယင်းဝါသနာကို အကောင်အထည် မဖော်သေးခြင်း ဖြစ်သည်ဟု ဆိုသည်။

“အားကစားမှာ ရည်မှန်းချက်ပန်းတိုင်က မရောက်သေးဘူးဆိုတော့ အနုပညာဘက်က ကမ်းလှမ်းလာမယ် ဆိုရင်တောင် လက်ခံဖို့အစီအစဉ် မရှိသေးပါဘူး။ ဒီလမ်းကိုပဲ ဆုံးခန်းတိုင်အောင် လျှောက်ချင်သေးတယ်။”ဟု အန်တိုနီယာက ၎င်း၏ရွေးချယ်မှုကို ပြောပြခဲ့သည်။

လတ်တလောတွင် Tiktok ဗီဒီယိုအတိုလေးများကို ၎င်း၏ လူမှုကွန်ရက်တွင် မကြာခဏ ရိုက်ကူးလွှင့်တင်နေရာ ကြည့်ရှုသူပရိသတ် အမြောက်အမြားရှိနေသည်။ အကယ်၍ နောင်တွင် ကုန်ပစ္စည်းကြော်ငြာများအတွက် ဓာတ်ပုံမော်ဒယ်အဖြစ် ငှားရမ်းလာလျှင် လုပ်ကြည့်ချင်သည်ဟုလည်း အန်တိုနီယာက ဖွင့်ဟပြောပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly