ပျောက်ကွယ်တော့မယ့် ကနေဒီတောင်ကြောပေါ်က တောင်ဇလပ်ပင်များ

By သူရိယထက်
14 December 2018
ပျောက်ကွယ်တော့မယ့် ကနေဒီတောင်ကြောပေါ်က တောင်ဇလပ်ပင်များ

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး ပထဝီအနေအထားအရ ကုန်းမြင့် တောင်တန်းများနှင့် ဖွဲ့စည်းထားသလို အမြဲစိမ်းတောများနဲ့ အေးချမ်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

 ချင်းပြည်နယ်ဟာ ခေါနုသုမ်တောင်၊ ဘုံတလာရေတံခွန်၊ ကနေဒီတောင်တန်း၊ သဘာဝအသည်းနှလုံးပုံ ရိဒ်ရေကန် စတဲ့ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် နေရာများကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြည်နယ် တစ်ခုဖြစ်ပါတယ်။

နှစ်စဉ်ဒီဇင်ဘာလရောက်ရင်တော့ ချင်းပြည်နယ်မှာ တောင်ဇလပ်ပန်းများဖူးပွင့်လေ့ရှိပြီး ချယ်ရီပန်းများလည်း ပွင့်ဖူးလေ့ရှိပါတယ်။ ဒီလိုကာလဖြစ်တဲ့ ဒီဇင်ဘာလကနေ ဧပြီလ အတွင်းမှာတော့ ချင်းပြည်နယ်ကို ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ အများအပြားရောက်လေ့ရှိကြပါတယ်။

 လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ချင်းပြည်နယ်ကို ပြည်ပခရီးသည် ၁၇၀၀ ကျော်နဲ့ ပြည်တွင်းခရီးသည် ၅၁၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ပြည်ပခရီးသည် ၁၉၀၀ ကျော်နဲ့ ပြည်တွင်းခရီးသည် ၇၁၀၀ ကျော်လာရောက်လည်ပတ်ခဲ့ကြပါတယ်။

 အဆိုပါကိန်းဂဏန်းအချက်အလက်ရ ပြည်ပခရီးသွား ၂၀၀ ကျော်နဲ့ ပြည်တွင်းခရီးသွား ၂၀၀၀ ကျော် တိုးလာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူ များပြားလာတယ်လို့ ဟိုတယ်နှင့်ခရီးသွား လာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 ချင်းပြည်နယ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားသူအများစုဟာ ချင်းပြည်နယ်ရဲ့ အမှတ်သားတစ်ခုဖြစ်တဲ့ တောင်ဇလပ်ပန်း အလှတရားများကို ကြည့်ရှုခံစားလေ့ရှိတတ်ကြပါတယ်။ ခရီးသွားတွေရဲ့ အဆိုအရ အပင်ပေါ်မှာ နီညို ပြီး အရောင်ရင့်ရင့်နဲ့ တောက်ပနေတဲ့ တောင်ဇလပ်ပန်းပင်ရဲ့အလှတရားများကို မြင်တွေ့ မှသာ ချင်းပြည်နယ်ကို ရောက်ရကျိုးနပ်ပေလိမ့်မယ်လို့ ပြောစကားတွေ ရှိကြပါတယ်။

 ချင်းပြည်နယ်မှာ တောင်ဇလပ်အနီနဲ့တောင်ဇလပ်ဖြူဟာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး  ချင်းပြည်နယ် တောင်ပိုင်းက ခေါနုသုမ်တောင်တန်းနဲ့ မြောက်ပိုင်းက တီးတိန်နယ် ကနေဒီ တောင်ကြောမှာ အများအပြား ပေါက်ရောက်တဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်။ တောင်ဇလပ်ပင်တွေဟာ  ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်မှာ ပေါက်လေ့ရှိတဲ့ အပင်အမျိုးအစားဖြစ်ပါတယ်။ချင်းပြည်နယ်မှာ တောင်ဇလပ်ပန်း မျိုးစိတ် ပေါင်း ၁၈ မျိုးရှိပြီး တောင်ဇလပ်အနီမှာ တောက်ပတဲ့ ကြက်သွေးရောင်ကို ပိုင်ဆိုင် ထားပါတယ်။

 တောင်ဇလပ်အနီရောင်ကို ချင်းပြည်နယ်က နေရာအနှံအပြားမှာ တွေ့ရှိကြသော်လည်း တောင်ဇလပ် အဖြူပွင့်ကိုတော့ တီးတိန်မြို့နယ်က ပင်လယ်ရေမျက်နှာပြင် ရှစ်ထောင်ကျော်အမြင့်ရှိတဲ့ ကနေဒီ တောင်တန်းနဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်သောင်းကျော်ရှိတဲ့ ခေါနူးစုမ် အမျိုးသားဥယျာဉ်အတွင်းမှာ သာ ရှားပါးစွာတွေ့မြင်နိုင်ကြောင်း ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်အောင်ကပြောပြပါတယ်။

 တောင်ဇလပ်အနီပင်ဟာ ဒီဇင်ဘာလမှစတင်ပြီး ဖေဖော်ဝါရီလအထိ ပွင့်ကြပြီး တောင်ဇလပ်အဖြူပင်ကတော့ ဧပြီမှစတင်ပြီး ဇွန်လအထိ ပွင့်ကြလေ့ရှိပါတယ်။ တောင်ဇလပ်အနီပင်ရဲ့ အရိုးတံနဲ့ အရွက်ပေါ်မှာ ကြက်သွေး ရောင် ပန်းပွင့်တို့က နေရာယူထားကြပြီး ယင်းတို့ကို ဒီဇင်ဘာလအတွင်း တိုက်ခတ်လာတဲ့ ဆောင်းနှင်းတွေ လေညှင်းတွေနဲ့အတူ ချင်းတောင်တန်းပေါ်မှာ လှပနေတဲ့အတွက် လာရောက်ကြည့်ရှုသူတိုင်းကို ဖမ်းစားထား နိုင်တဲ့ သဘာဝအလှတရားတစ်ခု ဖြစ်နေပါတယ်။

 တောင်ဇလပ်ပန်းဟာ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံများမှာလည်း အမျိုးသာပန်း၊ ပြည်နယ်ရဲ့ အထိမ်း အမှတ်သစ်ပင်ဆိုပြီး အမြတ်တနိုး တန်ဖိုးထား သတ်မှတ်ထားကြပါတယ်။ တောင်ဇလပ်ပန်းကို ချင်းလူမျိုးများ ရဲ့ဂုဏ်ယူစရာ ဝံ့ကြွားရာ လူမိိျုးရဲ့အမှတ်တရ သင်္ကေတအဖြစ်သတ်မှတ်ခဲ့ကြသော်လည်း တောင်ဇလပ်နဲ့ ပတ်သက်လို့ စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း စတဲ့လုပ်ငန်းတွေကတော့ ယနေ့အထိ ဆောင်ရွက်ခြင်း မရှိသလို ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ သူများအနေနဲ့လည်း ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြခြင်းမရှိပါဘူး။

 လွန်ခဲ့တဲ့၂၀၁၆ ခုနှစ် ဧပြီလအတွင်းမှာတော့ နိုင်ငံတော်သမ္မတက ချင်းပြည်နယ်က တောင်ဇလပ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ပြုစုဖို့ လမ်းညွှန်ခဲ့ပြီး ပြည်နယ်သစ်တောဦးစီးဌာနက တောင်ဇလပ်နဲ့ ပတ်သက်လို့ အချက်အလက်များကို စုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ကနေဒီတောင်တန်း သစ်တော ပြုန်းတီးမှုလျော့ချရေး အစားထိုးသစ်ပင်များ ပြန်လည်ထူထောင်ရေးနဲ့ ကနေဒီတောင်ကို အလှဆင်ပေးသော တောင်ဇလပ်အပင်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကနေဒီစိမ်းလန်းစိုပြေရေးအဖွဲ့(Green Kennedy Group)ကို ဖွဲ့စည်းခဲ့ပါတယ်။

တောင်ဇလပ်အပင်များဟာ ချင်းပြည်နယ်မှာ ယခင်က အများအပြားပေါက်ရောက်လေ့ရှိသော်လည်း ယခု နောက်ပိုင်းမှာတော့ ဒေသခံများက ထင်းအဖြစ် အသုံးပြုလာသောကြောင့် အပင်များဟာ တဖြည်းဖြည်း နည်းပါးလာတယ်လို့ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ထံက သိရပါတယ်။

 "ရွာသားတွေဟာ တောင်ဇလပ်အပင်နဲ့နီးရာ ပြောင်းရွှေ့လာကြတယ်။အဲဒီဒေသခံတွေဟာ တောင်ဇလပ် အပင်ဟာ မာကျောပြီး ထင်းဆိုက်ရန် အကောင်းဆုံးဖြစ်လာတယ်။အဲဒါကြောင့် တဖြည်းဖြည်း နည်းပါး လာတယ်"လို့ ဦးလှိုင်အောင်ကဆိုပါတယ်။

တောင်ဇလပ်အပင်ဟာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိတဲ့ အပင်ဖြစ်ပြီး တောင်ဇလပ်အပင်များ နည်းလာရခြင်းဟာ ချင်းပြည်နယ်ရဲ့ သစ်တောသစ်ပင်လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးတဲ့ဘက်ကို ဦးတည်နေတယ်လို့ ချင်းပြည်နယ် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တောင်ဇလပ်အပင်ဟာ စစိုက်တဲ့ အချိန်ကနေ ပွင့်လာမယ့်အချိန်အထိ ၁၀ နှစ်ကျော်လောက် စောင့်ရပြီး တစ် နှစ်ထက်တစ်နှစ် တောင်ဇလပ်အပင်များ နည်းပါးလာခြင်းကြောင့် ချင်းပြည်နယ်ရဲ့ သဘာဝအလှတရားဟာ တစ်စတစ်စနဲ့ ပျောက်လုဖွယ်ရှိနေတယ်လို့ ဒေသခံများကဆိုကြပါတယ်။

 "တောင်ဇလပ်ပန်းရဲ့ အလှတွေကိုခံစားမယ်ဆိုရင်တော့ ဒီအချိန်အကောင်းဆုံးပဲပေါ့ဗျာ။သူ့ကို ခူးမယ်ဆိုရင် တော့ ညိုးသွားတယ်။တောင်ဇလပ်ပန်းကို ခူးတာတွေကို မြင်တိုင်း စိတ်မသက်မသာဖြစ်တယ်"လို့ ဦးလှိုင်အောင်က ဆက်ပြောပါတယ်။

 လွန်ခဲ့သော နှစ် ၂၀ ကျော်ခန့်က တစ်တောလုံးနီအောင်ပွင့်လေ့ရှိတဲ့ တောင်ဇလပ်အပင်တွေနဲ့ ပန်းများဟာ ယခုအချိန်အခါမှာတော့ အနည်းအကျဉ်းသာ ပွင့်နိုင်ကြပါတော့တယ်လို့ ချင်းပြည်နယ် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးလျန်တွောင်ကပြောပါတယ်။

"သူတို့ကို ဆက်မထိန်းရင်တော့ ဒီနေရာမှာ ပေါက်ခဲ့ဖူးတယ်ဆိုတဲ့ စကားကို ပြောရမယ့် အနေအထား ဖြစ်နေတယ်"လို့ ၎င်းကဆိုပါတယ်။

ချင်းပြည်နယ်ရဲ့ အမှတ်သားတစ်ခုဖြစ်တဲ့ တောင်ဇလပ်ပန်းဟာ တဖြည်းဖြည်း ပျက်သုဉ်းနေပြီး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် တောင်ဇလပ်ပန်းများကို မျိုးသုဉ်းမည့်အရေးက ကာကွယ်ဖို့ ချင်းပြည်နယ် အစိုးရအနေနှင့်ဥပဒေတရပ်ပြဋ္ဌာန်းပေးဖို့ လိုအပ်လာပြီလို့ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့က ထောက်ပြကြ ပါတယ်။

"တောင်ဇလပ်တောတွေဟာ ကနေဒီတစ်ဝိုက်မှာ ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးနေတယ်။ခုဆို ရွာတချို့လည်း ဒီနားရွှေ့လာတော့ ဒီအပင်တွေ ခုတ်ကြရင် မကြာခင် တောင်ဇလပ်ပြုန်းတော့မယ်။ ဒါကို ပြည်နယ် အစိုးရက တောင်ဇလပ်ပင်တွေအတွက် သီးသန့် ဥပဒေ ပြဋ္ဌာန်းပေးဖို့နဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုနေပြီ”လို့ ဦးလှိုင်အောင်ကဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ကနေဒီတောင်ပေါ်က တောင်ဇလပ်ပန်းပင်ကြီးတစ်ပင်ကို အမြစ်ကနေ တူးဖော်ပြီး ဟိုင်မွန်ဂျစ်ကား(အစိမ်းရောင်)နဲ့ သယ်ဆောင်နေတဲ့ပုံကို Face book လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

"သူတို့ကတော့ ခရစမတ်အတွက် သစ်ပင်ပန်းအလှဆင်ဖို့ လုပ်တာပါ။ဒေသခံတွေကတော့ သဘာဝအလှကို ဖျက်ဆီးဖို့မဟုတ်ပါဘူး။ဒီကိစ္စကို ဓလေ့ရိုးရာထုံးတမ်းအရ ဥပဒေပြဋ္ဌာန်းထားတာမရှိတာကြောင့် အရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ဘူး"ဟု ဦးလှိုင်အောင် ပြောပြပါတယ်။

အစိုးရအနေနဲ့ ချင်းပြည်နယ် မြောက်ပိုင်းက ကနေဒီတောင်တန်းကို အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး လက်တွေ့မှာတော့ ကနေဒီတောင်ရဲ့ ဆက်စပ်ဧရိယာအားလုံး မပါတာကြောင့် ၂၀၁၈ မှာ ဧရိယာအားလုံး ပါဝင်ရေးအတွက် တောင်းဆိုထားတယ်လို့လည်း ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ထမ်ဆွန်းမုန်က ပြောပါတယ်။

“၂၀၁၆ က ဒီတောင်ကို ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေတောင်အဖြစ် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမျိုးသား ဥယျာဉ်အဖြစ် ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးတယ်။ ၂၀၁၇ မှာ အကောင်ထည်ဖော်မယ်ဆိုပြီး မြို့နယ်သစ်တောက မြေတိုင်းတော့ တောင်ရဲ့ မြောက်ဘက်ခြမ်းပဲ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကနေဒီနဲ့ ချိတ်ဆက်တောင်စွယ်တွေအထိ သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်။”ဟု ၎င်းကဆိုပါတယ်။

ကနေဒီတောင်တန်း တောင်ဇလပ်ထိန်းသိမ်းရေးအတွက် သစ်တောနှင့်သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ သစ်တောဥပဒေအတိုင်းသာ ဆောင်ရွက်နေပြီး တောင်ဇလပ်ပင် ခုတ်ချိုးသူများကိုလည်း သီးသန့် တားမြစ်တာမျိုး မတွေ့ရဘဲ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့အနေနဲ့ အပင်များကို အသိပေးစာကပ်တာတို ပညာပေးခြင်းတို့နဲ့သာ ထိန်းသိမ်းနေရခြင်းဖြစ်ပါတယ်။

"တောင်ဇလပ်ဟာ ကြီးမားတဲ့ ရိုးရာသမိုင်းတော့ မသိဘူး။ ဒါပေမယ့် ဘိုးဘွားတွေ လက်ထက်ကတည်းက တေးသီချင်း သီကျူးရာမှာ ထည့်သွင်းရေးသားကြတယ်။ အမြတ်တနိုး ထားကြတယ်။ ပြည်နယ်အမှတ်သား တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကွယ်ပျောက်သွားမှာ စိုးတယ်။ ခုဆို အရင်နဲ့ မတူတော့ဘူး။ ကျေးငှက်တွေတောင် မရှိတော့ဘူး”ဟု ချင်းပြည်နယ်သဘာဝ သယံဇာတလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငင်ရှင်းခွာက ပြောပါတယ်။

ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့အနေနဲ့ ကနေဒီတောင်ကြောပေါ်က ချင်းပြည်အမှတ်အသား ဖြစ်တဲ့  တောင်ဇလပ်တောပင်များကိုလည်း လက်လှမ်းမီသမျှ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေတာတွေ့ရပြီး တောင်ဇလပ် ချယ်ရီတောနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ သစ်တော ဥပဒတစ်ခု ဖြစ်ပေါ်လာဖို့ အစုုိးရအနေနဲ့ ပြဋ္ဌာန်းပေးရေး ကြိုးစားနေခြင်းဖြစ်ပါတယ်။

“ကျွန်တော်တို့ ကနေဒီ ဆက်စပ်တောင်စွယ်တွေအပါအဝင် ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေးတောင်အဖြစ် တောင်းဆိုတာကတော့ ဒီ ကနေဒီတောင်ရဲ့ တောင်းတန်းတောင်ဆွယ် ချောင်းမြောင်းတွေဟာ ကလေး လွင်ပြင်ကို ရောက်ပါတယ်။ ဒါက ဒီဘက်က မထိန်းသိမ်းနိုင်တော့ ၂၀၁၅ တုန်းက ကလေးလွင်ပြင် ထိခိုက် ခဲ့တယ်။ တကယ်တော့ ကလေးလွင်ပြင်ဆိုတာ ချင်းမြောက်ပိုင်းရဲ့ စပါးကျီဆိုလည်း မမှားပါဘူး။ ဒါကို နောင် မထိခိုက်အောင် အပြန်အလှန် ထိန်းသိမ်းပေးနိုင်ဖို့ တောင်းဆိုတာပါ”လို့ထန်ဆွင်းမုန်က ပြောပါတယ်။

ဒီဇင်ဘာလအတွင်း ကနေဒီတောင်တန်းပေါ်က တောင်ဇလပ်နဲ့ ချယ်ရီများ ပွင့်တာမို့ လာရောက်လည်ပတ်သူ ပေါများလာတော့မှာဖြစ်ပြီး တောင်ဇလပ်နဲ့ ချယ်ရီပန်းများအပင်များကို ချိုးဖျက်ယူဆောင်မှု လျော့ပါးဖို့ ပန်းပင်တောအုပ်တွေထဲဆင်းကာ စာတမ်းကပ်သတိပေးခြင်းများကို ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ကစတင်၍ ကွင်းဆင်းလုပ်ဆောင်နေကြောင်း သိရပါတယ်။

တောင်ဇလပ်နှင့်သစ်တောသစ်ပင်များနှင့်ပတ်သက်ပြီး သစ်တောဥပဒေအရ မခုတ်ရန်ထားမြစ်ထားသော်လည်း တောင်ဇလပ်ပင်များ ပြုန်းတီးမှုကို မကာကွယ်နိုင်သေးဘဲ တောင်ဇလပ်နဲ့ သဘာဝကို ချစ်မြတ်နိုးလာစေရန် အတွက် စာသင်ကျောင်းများရဲ့ သင်ခန်းစားများထဲ၌လည်းကောင်း ဘာသာရေးအရလည်းကောင်း လူငယ် များရဲ့ ရင်ထဲမှာ သဘာဝတရားကို တန်ဖိုးထားတတ်လာစေဖို့ ဆောင်ရွက်မှုရှိမှသာလျှင် တောင်ဇလပ်ပင်များရဲ့ ပြုန်းတီးမှုကို ကာကွယ်နိုင်လိမ့်မယ်လို့ ချင်းပြည်နယ် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။

ချင်းတောင်တန်းပေါ်က တောင်ဇလပ်အပင်များရဲ့ အောက်ခြေမှာ  မြန်မာဘာသာ၊ ချင်းဘာသာများနဲ့ ရေးထိုး ထားတဲ့ "ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့"ဟူသော ဆိုင်းဘုတ်များကို မြင်တွေ့လာရပါပြီ။ ဒါပေမယ့်လည်း ဒီလောက်နဲ့တော့ မရသေးပါဘူး။

"တောင်ဇလပ်ပန်းကို ခူးလိုက်ရုံနဲ့သဘာဝကို ချစ်မြတ်နိုးသူလို့ ပြောနိုင်ပါ့မလား။အခုလို ခူးလိုက်ခြင်းအားဖြင့် သဘာဝအလှတရားကို ဖျက်ဆီးရာရောက်တတ်ပါတယ်။ဒါကြောင့် သူတို့ရဲ့ သဘာဝအလှကို မဖျက်ဆီး လိုက်ကြပါနဲ့ရှင်"လို့ အသက် ၂၀ အရွယ်ရှိတဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်ရှိ ကနေဒီတောင်ကြောပေါ်က သဘာဝ တောင်ဇလပ်ပန်းပင်တွေရဲ့ မျိုးသုန်းပျောက်ကွယ် တော့မယ့် အရေးဟာ ကာကွယ်ဖို့ အထူးကိုလိုအပ်နေပါပြီ။ ဒီအရေးကိစ္စကို ပေါ့ပေါ့တန်တန်သာတွေးတောပြီး ဆောင်ရွက်နေမယ်ဆိုရင်တော့ ချင်းပြည်နယ်မှာ တောင်ဇလပ်ပန်းတွေ ရှိခဲ့ဖူးတာ ပါးစပ်ရာဇဝင်အဖြစ်သာ ကျန်ရစ်နေတော့မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly