စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းတို့တွင် ဆိပ်ကမ်းလုပ်ငန်း စီမံခန့်ခွဲသူ ခန့်ထားရေး အလျင်မြန် ဆောင်ရွက်မည်

စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းတို့တွင် ဆိပ်ကမ်းလုပ်ငန်း စီမံခန့်ခွဲသူ ခန့်ထားရေး အလျင်မြန် ဆောင်ရွက်မည်
စစ်တွေဆိပ်ကမ်းအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ဒီဇင်ဘာ ၁၄ ။          ။ စစ်တွေဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ပလက်ဝဆိပ်ကမ်းတို့၌ ဆိပ်ကမ်းလုပ်ငန်း စီမံခန့်ခွဲသူ ခန့်ထားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက်အရ သိရခြင်း ဖြစ်သည်။

ဆိပ်ကမ်းလုပ်ငန်းစီမံခန့်ခွဲသူ ခန့်ထားရေး လျင်မြန်စွာဆောင်ရွက်သွားရန်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြ သည်။

အိန္ဒိယအစိုးရ၏ နည်းပညာနှင့်ငွေကြေးအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ တစိတ်တပိုင်း ဖြစ်သော အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ပို့ဆောင်ရေး စီမံကိန်း (Kaladan Multi- Modal Transit Transports Project) ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အကောင်ထည် ဖော်နေခြင်းလည်း ဖြစ်သည်။

စစ်တွေဆိပ်ကမ်းသည် အိန္ဒိယအစိုးရမှ အကုန်ကျခံထားခြင်း ဖြစ်ပြီး ကုလားတန်ဘက်စုံစီမံကိန်း၏ အဆင့် ၁ ဆင့် အနေဖြင့် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ထိုမှတဆင့် ပလက်ဝကုန်းတွင်းရေလမ်းကြောင်း ဆိပ်ကမ်းလည်း ပါဝင်ကာ စစ်တွေနှင့် မီဇိုရမ်ပြည်နယ်တို့ကို ချိတ်ဆက်နိုင်ရန်အတွက် ဖြစ်သည်။

၂၀၀၈ ခုနှစ်က အဆိုပါစီမံကိန်းအတွက် နှစ်နိုင်ငံ MoU ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်တွေဆိပ်ကမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကာ စစ်တွေဆိပ်ကမ်းစတင် အသက်ဝင် ပါက မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် မြန်မာဘက်မှ မျှော်မှန်းထားသည်။

ထို့ပြင် ပလက်ဝမှ အိန္ဒိယနယ်စပ်ရှိ ဇိုရမ်ပူသို့ လမ်းဖောက်လုပ်ရေး စီမံကိန်း၏ နောက်ဆုံးအဆင့် လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အားရကျေနပ်မှုရှိကြောင်း နှစ်ဖက်စလုံးက ပြောဆိုခဲ့ကြသည်ဟု နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ဇိုရမ်ပူနှင့် ပလက်ဝမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ စီမံကိန်းဆိုင်ရာ ဝန်ထမ်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ကိရိယာများ ရွှေ့ပြောင်းသယ်ဆောင်မှု အတွက် ပံ့ပိုးဆောင်ရွက်သွားကြမည် ဖြစ်သည်။

အဆိုပါ ဆိပ်ကမ်း ၂ ခုအပြင် ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါ-ဇိုခေါဒါ တံတားနှင့် ဘွေနုတံတားများအတွက် အသေး စိတ် စီမံကိန်းအစီရင်ခံစာများ ပြုစုရန် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကမ်းလှမ်းသည့် အထူးငွေကြေးထောက်ပံ့မှု အစီအစဉ်များကို အသုံးပြုရာတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်။
နှစ်နိုင်ငံ ပြည်သူများအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်း စေသည့် ကုန်းလမ်းနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက် ၂၀၁၈ ခုနှစ်၊ မေလမှစတင်၍ အသက်ဝင်ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly