လုပ်ပိုင်ခွင့်ရှိသူများ အာဏာမယစ်မူးရန် သမ္မတ သတိပေး

လုပ်ပိုင်ခွင့်ရှိသူများ အာဏာမယစ်မူးရန် သမ္မတ သတိပေး
 ဓာတ်ပုံ-ဇော်လွင်ထွဋ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။               ။ အုပ်ချုပ်ရေးပိုင်းသာမက လုပ်ပိုင်ခွင့်တာဝန်ယူထားသည့် မည်သည့်ဝန်ထမ်းမဆို ရရှိထားသည့် လုပ်ပိုင်ခွင့် အပေါ် အာဏာမယစ်မူးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောဆိုလိုက်သည်။

 ဒီဇင်ဘာ ၁၄ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ပြည်နယ်ခန်းမအတွင်း၌ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သမ္မတဦးဝင်းမြင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 “အပွင့်လင်းဆုံး ပြောရရင် တစ်ချို့ အာဏာယစ်မူးလို့ အမူးမပြေသေးလို့ ပြည်သူလူထု ချာလပတ်လည် တဲ့ကြားထဲမှာမှ ကျွန်တော်တို့ တာဝန်ယူထားတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက ထပ်ပြီးတော့ အာဏာယစ်မူးမယ်ဆိုရင် တိုင်းပြည်ချာလပတ်လည် ဖို့ပဲရှိတော့တယ်။ ဒါကိုတော့ သတိချပ်စေချင်ပါတယ်” ဟု သမ္မတက ဆိုသည်။

ပြည်သူက ပေးအပ်ထားသည့် တာဝန်ကို အာဏာဟု ယူမှတ်ပြီး ပျော်ရွှင်နေရမည့်အချိန်မဟုတ်ကြောင်း ၊ ပြည်သူလူထု လိုချင်သည့် ဒီမိုကရေစီရရှိမှသာ အမှန်တကယ် ပျော်ရွှင်ရမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က ပြောသည်။

 ထို့အပြင် လက်ရှိအချိန်သည် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့်အချိန်ကာလဖြစ်ခြင်းကြောင့် လုပ်ပိုင်ခွင့်ရှိသူများ အာဏာယစ်မူးမည်ဆိုရင် လျှောက်လှမ်းစပြုနေသည့် ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းသွားနိုင်သည်ဟုလည်း သမ္မတဦးဝင်းမြင့်က သတိပေးခဲ့သည်။

 သမ္မတဦးဝင်းမြင့်၏ ပြောဆိုချက်များထဲတွင် တစ်ချို့စကားလုံးများသည် တင်းတင်းမာမာပြောဆိုမှုများ ရှိနေပြီး မူးယစ်ဆေးဝါးကိစ္စရပ်နှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

  “စိတ်မကောင်းစရာက တစ်ချို့ဝန်ထမ်းတွေပါဝင်ပတ်သက်နေတယ်။ ဘယ်လိုပဲပါဝင်ပတ်သက်ပတ်သက် ကြီးကြီးငယ်ငယ် ဆူကြုံနိမ့်မြင့်မရွေး ဥပဒေအရ အရေးယူသွားမှာပဲ။ အဲ့တော့ သိရက်နဲ့ မသိချင်ယောင် ဆောင်မထားကြပါနဲ့။ တာဝန်ရှိတဲ့ ဝန်ထမ်းတွေ ဖုံးကွယ်မထားကြပါနဲ့။ ဖမ်းရမယ့်ကိစ္စကို မဖမ်းဘဲမထားပါနဲ့။ ဖမ်းရမယ့်ကိစ္စကို ကွင်းဆက်ပြတ်အောင် မလုပ်ကြပါနဲ့။ ကျွန်တော်တို့အရေးယူမှာပါ” ဟု ၄င်းကဆိုသည်။

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့်က ဆောင်ရွက်နေပြီး ပြည်နယ်နှင့်တိုင်းအဆင့်တွင် ရုံးများထပ်မံဖွင့်လှစ်သွားဖို့ရှိနေကြောင်း အဂတိလိုက်စားမှှု ကင်းစင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုကင်းစင်ရန် တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီပေးကြရန် ၄င်းက ပြောသည်။

 
သမ္မတဦးဝင်းမြင့်၏ ပြောကြားချက်ထဲတွင် စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်သည့် လယ်သိမ်းမြေသိမ်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများက လက်ရှောင်နေသည်ဟုလည်း ပြစ်တင် ပြောဆိုမှုများလည်း ရှိခဲ့သည်။

 “ဥပဒေမဲ့ သိမ်းဆည်းခဲ့လို့ နိုင်ငံတော်အစိုးရက မူဝါဒချပြီး ကျွန်တော်တို့ကပြန်ပေးမယ့် အစိုးရ အဲ့ဒါကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ဟိုဟာဒီဟာလုပ်ချင်လို့ ပြန်မပေးဘူး။ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနတွေလည်းပါတယ်။ ကိုယ့်ပစ္စည်းကျနေတာပဲ။ ဒီအလုပ်ကပြုတ်သွားရင် ကိုယ်ရမှာကျနေတာပဲ။ ကိုယ့်အမွေပိုင်ကျနေတာပဲ။ အဲ့တော့ ပြန်ပေးတဲ့အကွက်ကို ပြန်သိမ်းတဲ့အကွက်ဖြစ်နေတယ်။ လုံးဝ သည်းမခံဘူး။ ပြန်စိစစ်ပါ” ဟု သမ္မတဦးဝင်းမြင့်က လေသံမာမာဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။

 ယင်းအပြင် အုပ်ချုပ်ရေးပိုင်းရောက်ရှိသူများသည်လည်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုမျိုး မရှိဘဲ ကင်းကွာသွားကြသည်များလည်းရှိသည်ကို တိုင်ကြားခံထားရသည်ဟု သမ္မတဦးဝင်းမြင့်ကဆိုသည်။

 “ပြည်သူက မျက်နှာချင်းဆိုင်တွေ့လိုက်လို့ ဟိုတုန်းကလို ပုံမှန်အတိုင်းမရှိတော့ဘူးဆိုရင် သတိသာထားတော့။ ပြည်သူကတွေ့တယ် ခပ်တန်းတန်းလေးပဲ ဆိုရင်တော့ အကြီးအကျယ် အရှိန်ပျက်တာ ၊ ဒီလိုမဟုတ်တော့ဘူး။ ပြည်သူမျက်နှာမဲ့လာရင် မစဉ်းစားနဲ့တော့ အဲ့ဒါဒီမိုကရေစီကျဆုံးခန်းပဲ” ဟု ၄င်းကပြောသည်။

 သမ္မတဦးဝင်းမြင့်သည် မွန်ပြည်နယ်ခရီးစဉ်ပြီးပါက ကရင်ပြည်နယ်သို့သွားရောက်ရန် ရှိနေသည်။ ဦးဝင်းမြင့် သမ္မတ တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်အချို့ကိုသွားရောက်ပြီး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အုပ်ချုပ်ရေးပိုင်း၏ လိုအပ်ချက်များကို မှာကြားလေ့ရှိသည်။

 သမ္မတဦးဝင်းမြင့်အနေဖြင့် ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း စသည့်ဒေသများကိုလည်း သွားရောက်ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required