ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ABSDF တောင်းဆို

ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ABSDF တောင်းဆို
ဓာတ်ပုံ - ABSDF

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။         ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တပ်ဖွဲ့ဝင်များကို ချက်ချင်းပြန်လွှတ်ပေးပြီး နောင်တွင် ယခုကဲ့သို့ကိစ္စမျိုး မဖြစ်ပွားစေရန် သက်ဆိုင်ရာအစိုးရနှင့် တပ်မတော်တာဝန်ရှိသူများမှ ဖြေရှင်း ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မိုးညှင်းမြို့၌ ABSDF တပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော် အောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် ဦးမောင်ကိန်းတို့အား မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်းကြောင့် ABSDF က အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ABSDF (ဗဟိုကော်မတီ) အနေဖြင့်လည်း သက်ဆိုင်ရာအစိုးရ နှင့် တပ်မတော် တာဝန်ရှိသူများနှင့် အမြန်ဆုံးညှိနှိုင်းဖြေရှင်းသွားမည်ဟုလည်း ဆိုသည်။

ABSDF အနေဖြင့် အပစ်ရပ်စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် များကို ဖမ်းဆီးအရေးယူနေခြင်းများအား ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

“တရားမျှတမှု တန်းတူရည်တူ လေးစားတန်ဖိုးထားမှုရှိမှသာ ယနေ့ မိမိတို့အားလုံး အတူတကွ လက်တွဲ ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်ဟု အလေးအနက် ယုံကြည်ထားပြီးဖြစ်သည်” ဟု ABSDF က တောင်းဆိုချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် ABSDF ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required