ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် တောင်သူများကို ယခင်နှစ်ထက် ချေးငွေ တဆတိုး ချေးမည်

By အဂ္ဂနွန်
14 December 2018
ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် တောင်သူများကို ယခင်နှစ်ထက် ချေးငွေ တဆတိုး ချေးမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဒီဇယ်ဘာ ၁၄ ။         ။ မွန်ပြည်နယ်အတွင်း စိုက်ပျိုးမည့် ပဲ၊ ပြောင်း၊ နှမ်း အစရှိသည့် ဆောင်းသီးနှံတို့အတွက် ယခင်နှစ်ထက် ချေးငွေ တစ်ဆ  တိုးချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ဘဏ်ခွဲမှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

ဆောင်းသီးနှံ (စပါးမဟုတ်သည့် အခြားသီးနှံများ) ကို ယခင်က တစ်ဧကလျှင် ငါးသောင်းနှုန်းနှင့် ထုတ်ချေးခဲ့ရာ ယခုနှစ်တွင် တစ်ဧကလျှင် တစ်သိန်းနှုန်းနှင့် တိုးချေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရကပဲ တိုးပေးတယ်။ ကျွန်တော်တို့ တိုးပေးတာမဟုတ်ဘူး၊ အစိုးရက တောင်သူရဲ့လိုအပ်ချက်ကို သိလို့ပေါ့နော်။ ငါးသောင်းလောက်နဲ့ စိုက်ပျိုးနေတဲ့ဟာတွေ မလောက်လို့ပဲ အစိုးရကတွေ့ရှိပြီးတော့ တိုးပေးတာပါ။ ”ဟု ဦးကျော်စွာလှိုင်က ပြောသည်။

ဆောင်းသီးနှံ ချေးငွေများကို စပါးဧက နှစ်သောင်းခန့် နှင့် အခြား သီးနှံဧကလေးသောင်းခန့်ကို ထုတ်ချေး ပေးရန် လျာထားပြီး ချေးငွေ ကျပ်သိန်းပေါင်း ၆၆၀၀၀ ကျော်ထုတ်ချေးရန် လျာထားသည်ဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ဘဏ်ခွဲမှ သိရသည်။

နိုဝင်ဘာလမှ စတင်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ငွေထုတ်ချေးခဲ့ရာ လူဦးရေ ၃၂၉၀၊ စပါးဧက စုစုပေါင်း ၁၉၅၆၉ ဧကနှင့် ချေးငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထုတ်ချေးထားကြောင်း၊ လာမည့် ဇန်နဝါရီလကုန် အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေများကို အစိုးရမှ ၆လ ကာလ ထုတ်ချေးခြင်း ဖြစ်ပြီး၂၀၁၉ ခုနှစ်၊ မေလကုန်ခန့်တွင်အားလုံး ပြန်ဆပ်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဆောင်းသီးနှံက သုံးလပိုင်းကြရင် ပေါ်ပြီးပေါ်ပေါ်ခြင်း ကျွန်တော်တို့မကောက်ပါဘူး။ သင်္ကြန်ပြီးမှ၊ ဧပြီ လောက်မှ ကျွန်တော်တို့ ကောက်ခံသွားမယ်။ မေလအကုန်မှာ အားလုံး ပေးဆပ်ရမှာ ဖြစ်တယ်။” ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

တပိုင်တနိုင် ပြောင်းစိုက်ပျိုးတောင်သူတစ်ဦးက ထိုချေးငွေတိုးပေးမည်ကို မသိရသော်လည်း ငွေကို တိုးချေးပေးသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေလာနိုင်ကြောင်း မုဒုံမြို့နယ် တပိုင်တနိုင် ပြောင်းစိုက်တောင်သူဒေါ်ရဲ့က ပြောသည်။

“ဒီလို တိုးချေးပေးတာ အရမ်းကောင်းပါတယ်။ မရှိတဲ့လူကြတော့ တစ်သောင်း၊ နှစ်သောင်းတိုးပေးတာ ကောင်းတာပေါ့နော်၊ ဝမ်းသာတယ်ပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ဘဏ်ခွဲမှ ချေးငွေရယူရန်အတွက် ရပ်ကျေးချေးငွေစီစစ်ရေးအဖွဲ့၊ ရပ်ကျေးလယ်ယာမြေစီစစ်ရေးအဖွဲ့နှင့် မြို့နယ် လယ်ယာမြေစီစစ်ရေးအဖွဲ့ထံမှ  ထောက်ခံချက်ရယူရမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly