ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဘုရင့်နောင်ရုပ်တု ဖွင့်လှစ်

By မျိုးထွန်းနိုင်
14 December 2018
ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဘုရင့်နောင်ရုပ်တု ဖွင့်လှစ်
ဓာတ်ပုံ- Bago Region Government Office

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။          ။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း၌ ဟံသာဝတီ ဆင်ဖြူများရှင်ဘုရင့်နောင် မင်းတရားကြီး၏ ရုပ်တုကို ကျပ် ၄၅ သိန်း အကုန်အကျခံကာ ထုလုပ်၍ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ကြောင်း တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ၊ သီရိပဝရမဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုကို စကျင်ကျောက်ဖြင့်ထုဆစ်ပုံဖော်ကာ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်း၊ CHOKCHAI agricultural machinery Co,Ltdမှ ငွေကျပ် (၃၅)သိန်းအပါအဝင် စုစုပေါင်းငွေကျပ် (၄၅)သိန်းအကုန်ကျခံကာ ထုလုပ်ခဲ့ပြီး ရုပ်ထုအမြင့်မှာ (၆) ပေ (၂) လက်မ၊ ခုံတုံးအမြင့်(၉)ပေရှိကြောင်း သိရသည်။

ရုပ်တု၏အောက်ခံခုံတုံးမျက်နှာစာတွင် "သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ" "သီရိပဝရမဟာဓမ္မရာဇာဓိရာဇာ" ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး (အေဒီ ၁၅၅၁-၁၅၈၁)ဟူ၍လည်းကောင်း၊ အရပ်(၁၀)မျက်နှာအောင်နိုင်သူခေါင်းစဉ်ဖြင့် ဘုရင့်နောင် မင်းတရားကြီး၏ သမိုင်းကြောင်းများကို ကမ္ဗည်းကျောက်စာတွင်ရေးထိုးထားရှိကြောင်း သိရသည်။

အဆိုပါရုပ်တုဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်နှင့် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သိန်းလွင် တို့ကတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယခုအခါ ကမ္ဘောဇသာဒီနန်းတော်အတွင်း၌ ဟံသာဝတီရှင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရုပ်တု၊ မိဖုရား ခေါင်ကြီး ခင်ခင်ကြီး၏ရုပ်ထုပြခန်း၊ မယ်တော်ဆုပန်ကလျာနန်းဆောင်နှင့်ရုပ်ထု၊ ကျွန်းလုံးတိုင်ပြတိုက်၊ ဘမရာသနပလ္လင်တော်ဆောင်၊ ပြင်နန်းတော်စတင်တည်ဆောက်ထားသော ကျွန်းလုံးတိုင်ကြီးများ၊ ခေတ် အဆက်ဆက် တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများ၊ ဘုရင့်နောင်မင်းတရားကြီး အသုံးပြုခဲ့သော မြင်းရထားပုံစံငယ်နှင့် အသုံးဆောင်ပစ္စည်းများပြသထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required