မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီပေးသွားရန် တရုတ်ဆန္ဒရှိနေ

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီပေးသွားရန် တရုတ်ဆန္ဒရှိနေ
ဓာတ်ပုံ - AFP

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။            ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် လိုအပ်ချက်များအားလုံးကို တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီထောက်ပံ့ပေးသွားရန် ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်(၃) ဖွဲ့၏ ငြိမ်းချမ်းရေး သဘောထားကို အစိုးရဘက်မှ အပြုသဘောတုံ့ပြန်ချက် ပြန်လည်ပေးအပ်ခဲ့ခြင်းကို ကြိုဆို ကြောင်း ဖော်ပြထားသည်။

တပ်မတော်နှင့် တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ဖြစ်သော မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA ) နှင့် ရက္ခိုင့်တပ် (ULA/AA) တို့သည် ဒီဇင်ဘာ ၁၂ ရက်နေ့က  ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာ ရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်း အရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ မြောက်ပိုင်း(၃)ဖွဲ့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဆောင်ရွက်မယ့် ကြေညာချက် ဖြစ်ပါတယ်။ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်း(၃)ဖွဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာပါ” ဟု ရေးသားပြောဆိုခဲ့သည်။

 ယင်းအပြင် ငြိမ်းချမ်းရေးကော်မရှင် (PC) ကလည်း “ နှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ယခုကြေညာချက်ထုတ်ပြန်သည့် ၃ ဖွဲ့ဖြစ်သော MNDAA, PSLF/TNLA , ULA/AA  တို့နှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ရရှိရေးကိစ္စနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်” ဟု ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ၏ အပြန်အလှန်ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အဘက်ဘက်က ငြိမ်ချမ်းစွာတွေ ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် သက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကောင်းမွန်သောအခင်းအကျင်းကိုဖန်တီးနိုင်ရန် မျှော်လင့်ပြီးယုံကြည်ထားပါတယ်” ဟု တရုတ်သံရုံးဘက်က ပြောဆိုထားသည်။

 တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစဉ် တစိုက်ရပ်တည်ပေးနေပြီး လိုအပ်များကို တတ်နိုင်သမျှ ဆက်လက်ကူညီထောက်ပံ့သွားမည်ဟုလည်း တရုတ်ဘက်က ပြောဆိုထားသည်။

 အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တရုတ်နိုင်ငံက ကြားဝင် ဝင်ရောက်ညှိနှိုင်းပေးနေခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required