ဆူမားတြားကျွန်းနေ ရွာသားများအား လိုက်လံနှောင့်ယှက်နေသည့် ဆင်ရိုင်းတစ်ကောင်အား တောနက်ထဲ ပြန်ပို့

ဆူမားတြားကျွန်းနေ ရွာသားများအား လိုက်လံနှောင့်ယှက်နေသည့် ဆင်ရိုင်းတစ်ကောင်အား တောနက်ထဲ ပြန်ပို့

ဒီဇင်ဘာ ၁၄ ။            ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်ရှိ အေ့ရှ်ကျေးရွာမှာ ကျင်လည်ကျက်စားနေတဲ့ ဆင်ရိုင်းတစ်ကောင်ကို ရွာထဲကနေ ထုတ်ပြီး တောထဲကို ပို့လိုက်ပြီလို့ သိရပါတယ်။

အာဏာပိုင်တွေအနေနဲ့ အဆိုပါဆင်ရိုင်းကို ရွာထဲကနေထုတ်ဖို့ ၆ ရက်ကြာ အချိန်ယူပြီး စီစဉ်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဆင်ရိုင်းဟာ အေ့ရှ်ကျေးရွာမှာ ကျင်လည်ကျက်စားနေတာ လေးနှစ်ရှိပြီဖြစ်ပြီး ၎င်းကြောင့် ရွာထဲက နေအိမ်တွေ၊ ကောက်ပဲသီးနှံတွေ ပျက်စီးနေခဲ့ရတာဖြစ်ပါတယ်။

ဒါအပြင် အေ့ရှ်ကျေးရွာအနီးတစ်ဝိုက်က အခြားရွာသုံးရွာမှာပါ လိုက်လံဖျက်ဆီးနေခဲ့တာဖြစ်ကြောင်း၊ ရွာသားများအနေနဲ့ အိမ်တွေကို ပြန်ပြင်နေရတာ လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။

ရွာသားတွေကို လိုက်လံနှောင့်ယှက်နေတဲ့ အဆိုပါဆင်ရိုင်းကို ရွာထဲကနေထုတ်ဖို့ အာဏာပိုင်တွေဟာ ဆင်လိမ္မာလေးတွေရဲ့ အကူအညီနဲ့ ၎င်းကို အရင်ဆုံးလိုက်လံရှာဖွေခဲ့ရတာဖြစ်ပါတယ်။

ဆင်ရိုင်းကို ရှာတွေ့တဲ့အခါမှာတော့ ဆင်လိမ္မာလေးတွေကို ဆင်ရိုင်းဘေးမှာ ခြံရံစေပြီး ၎င်းရဲ့ခြေထောက်ကို ကြိုးနဲ့ ချည်နှောင်ထားကာ ရွာအပြင်ဘက်ကို ခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဆင်ရိုင်းကို တောနက်ထဲက အခြားဆင်ရိုင်းတွေနဲ့ ကျင်လည်ကျက်စားနိုင်အောင် ယခုလို လုပ်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly