မကွေးတွင် ပဲစင်းငုံအစား စျေးကွက်ဝယ်လိုအားရှိသည့် ဝါကို စိုက်ပျိုးသူ ပိုများလာ

မကွေးတွင် ပဲစင်းငုံအစား စျေးကွက်ဝယ်လိုအားရှိသည့် ဝါကို စိုက်ပျိုးသူ ပိုများလာ

မကွေး၊ ဒီဇင်ဘာ ၁၄ ။            ။ မကွေးတိုင်းဒေသကြီးအတွင်း၌ ပဲစင်းငုံသီးနှံအစား ဝါ စိုက်ပျိုးသူများပြားလာကြောင်း ဒေသခံ ဝါစိုက်တောင်သူများထံက သိရသည်။

သီးနှံစျေးကွက်အတွင်း ပဲစင်းငုံသီးနှံ၏ အလားအလာအပေါ် တောင်သူများ၏မျှော်လင့်ချက်များ နည်းပါးနေပြီး သက်တမ်း(၃)လအတွင်း အကျိုးအမြတ်ဖြစ်ထွန်းကာ စျေးကွက်ဝယ်လိုအားရှိသည့် ၀ါသီးနှံကို အစားထိုးစိုက်ပျိုးသူ များပြာလာခြင်း ဖြစ်သည်။

" ရွာမှာက ၀ါစိုက်တဲ့သူများလာပြီ။ ပဲစင်းငုံကတော့ ဒီနှစ် သိပ်မစိုက်ကြတော့ဘူး။ ပဲစင်းငုံကအဆင်မပြေတော့ ၀ါတွေချည်း ကျဲကြတယ်လေ။ နှမ်းကလည်း သိပ်မဟုတ်တော့။ အခု ကျွန်မရဲ့(၅)ဧက စိုက်ခင်းထဲမှာ ဝါဆွတ်နေတာ အချိန်နှစ်ထောင် ကျော်လောက်တော့ရပြီ။ ထပ်ဆွတ်ရဦးမှာ။ တစ်ဧကနှုန်းဆို အချိန်ငါးရာလောက်တော့ ထွက်မှာပေါ့ ။ စိုက်ပျိုးစရိတ်က ၅ ဧကကို ၆သိန်းကျော်လောက်ကုန်တယ်" ဟု မကွေးမြို့နယ် ၊ အုန်းတွဲကျေးရွာနေ ၀ါစိုက်တောင်သူဒေါ်ပြုံးရီ က စိုက်ပျိုးရေးလုပ်ငန်း အခြေအနေကို ပြောသည်။

ပြောင်းလဲလာသော စိုက်ပျိုးရေးအခြေအနေအရ ၀ါစိုက်တောင်သူများအတွက် ချည်မျှင်ရှည်ဝါမျိုးစေ့ ပိဿာ ၅၀၀၀ ကို ဖြန့်ဝေပေးရန် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်လျက်ရှိသည်။ ထို့ပြင် ၀ါသီးနှံစိုက်တောင်သူများနှင့်အမြဲထိတွေ့ကာ ပညာပေးလုပ်ငန်း များ ဆောင်ရွက်နေရသော ဒုတိယလက်ထောက်ဦးစီးမှူးနှင့်အထက် ပညာရှင်ဝန်ထမ်း(၈၀)ဦးအား ဒီဇင်ဘာလ ၁၃ရက် နှင့်  ၁၄ ရက် များတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းပို့ချက် ပေးလျက်ရှိသည်။

" အပူပိုင်းသီးနှံအဖြစ် တောင်သူများဟာ ပဲစင်းငုံကို အလေးထားစိုက်ပျိုးခဲ့ကြပေမယ့် စျေးကွက်ပျက်နေတဲ့အတွက် စိုက်ပျိုးရတာ တွက်ချေမကိုက်တော့ဘူး။ ဒါ့ကြောင့် ပဲစင်းငုံသီးနှံနေရာမှာ စျေးကွက်ရှိတဲ့ ဝါသီးနှံကို အစားထိုးစိုက်သင့်ပါတယ်။ ချည်မျှင်ရှည်ဝါမျိုးစေ့ဟာ တစ်ဧကအထွက်နှုန်း ပိဿာချိန် တစ်ထောင်ရနိုင်တဲ့မျိုးဖြစ်ပါတယ်။ ပိဿာ ၆၀၀ ထွက်ရင်ကို တောင်သူက တစ်ဧကကို ကျပ်သုံးသိန်းကျော် အမြတ်ရရှိနိုင်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စိုက်ပျိုး ရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက မှတ်ချက်ပြုပြောကြားသည်။

လက်ရှိစျေးကွက်အရ ၀ါတစ်ပိဿာ ၁၄၀၀ ကျပ်စျေးရရှိပြီး တစ်ဧကစိုက်ပျိုးလျင် ပိဿာချိန် ၅၀၀ ကျော် ထွက်ရှိသည့်အတွက် တစ်ဧကဝင်ငွေ(၇)သိန်း ကျပ်ရရှိနိုင်ကာ စပါးတစ်ဧကထွက်ရှိသည့် ဝင်ငွေကို ယှဉ်နိုင်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၌ ယခုနှစ် ဝါစိုက်ဧက ၁၈၇၄၁၉ ဧကရှိပြီး လာမည့်နှစ်၌ မိုးကြို၊မိုးလယ်၊မိုးနှောင်းစိုက်ပျိုးရာသီများတွင် ဧက(၃)သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း ထံမှသိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly