မုန်တိုင်းငယ်မှ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိနိုင်

မုန်တိုင်းငယ်မှ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိနိုင်

ဒီဇင်ဘာ ၁၄ ။              ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဖြစ်၍ မြန်မာနိုင်ငံဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဟု သိရသည်။

အဆိုပါ မုန်တိုင်းငယ် BOB/10/2018 သည် လွန်ခဲ့သည့် (၆)နာရီအတွင်းက  အနောက်မြောက်ဖက်သို့ ရွေ့လျားလာရင်း ပိုမိုအားကောင်းလာခဲ့ပြီး၊ နောက်(၂၄)နာရီအတွင်း  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်သည်။

မုန်တိုင်းငယ် BOB/10/2018 သည် အနောက်မြောက်ဖက်သို့ ဦးတည်ရွေ့လျားလာပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရာက်ရှိလာနိုင်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ပြီး ဒီဇင်ဘာလ (၁၆-၁၇) ရက်ခန့်တွင်  အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းရှိ အင်ဒရာပရာဒက်ရှ်ပြည်နယ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ဒေါက်တာထွန်းလွင်က ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ခန့်မှန်းထားသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်ဟု မိုးဇလမှ ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက် ညနေအထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိပြီး ရွာရန်ရွာနှုန်း ၈၀ ဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊မန္တလေးတိုင်းဒေ သကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required