မြိတ်တွင် ဓနိပျား လုပ်ကိုင်သူ ထက်ဝက်ကျော် ကျဆင်း

မြိတ်တွင် ဓနိပျား လုပ်ကိုင်သူ ထက်ဝက်ကျော် ကျဆင်း

မြိတ်၊ ဒီဇင်ဘာ ၁၃ ။    ။ မြိတ်ဒေသ၌ ဓနိပင်မှ ထွက်ရှိသော အရည်များကိုကျိုချက်၍ ပြုလုပ်ရသည့် ဓနိပျား (ထန်းလျက်သကြား)ကို လုပ်ကိုင်သူများမှာ မရှိသလောက် နည်းပါးလာကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရသည်။

ဓနိပျားလုပ်ငန်းသည်၊ မြိတ်မြို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြို့ပေါ်နှင့် နယ်ဘက်ကျေးရွာ အများစုတွင် လုပ်ကိုင်သူ အများဆုံး ရှိခဲ့ပြီး၊ လက်ရှိမှာ လောင်စာ၊ထင်း အခက်အခဲများနှင့် အလုပ်သမားများကို ခေါ်ယူရန် လုပ်အားစရိတ် မြင့်မားမှုတို့ကြောင့် လုပ်ကိုင်သူများ လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဓနိပျား လုပ်သက် ၁၅ နှစ်ခန့် ရှိသူ တညက်ကျေးရွာနေ ဦးဝင်းနိုင်က “ပြီးခဲ့တဲ့နှစ်က ဓနိပျား စျေးကောင်းပါတယ်၊ လုပ်တဲ့သူတွေလည်း ဒီနှစ်ထက် ပိုများကြပါတယ်၊ အခု ဒီနှစ်မှာ ဓနိပျားထွက်နှုန်းလည်း လျော့ကျသွားသလို  စျေးကလည်း မကောင်းတော့ လုပ်ကိုင်တဲ့သူတွေ တွက်ခြေမကိုက်တာကြောင့် ရပ်နားလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

ယင်းလုပ်ငန်းသည်၊ ယခင်က မြိတ်မြို့ပေါ်နှင့် ကျေးရွာများ၌ လုပ်ကိုင်သူများ အများဆုံးတွေ့ရတတ်ပြီး၊ လက်ရှိမှာ မြို့ပေါ်၌ ကုမ္ပဏီစီမံကိန်းနှင့် အိမ်ရာမြေစီမံကိန်းများ ဖော်ထုတ်မှု များလာ၍ လုပ်ကိုင်သူ မရှိတော့ဘဲ နယ်ဘက်များတွင်သာ  အများဆုံးကျန်ရှိတော့ကြောင်း သိရသည်။

“ဒီလုပ်ငန်းက သက်သာတယ် ဆိုပေမယ့် အရမ်း ပင်ပန်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသေအချာ ဂရုစိုက်ပြီးမှ လုပ််လို့ရတဲ့လုပ်ငန်း ဖြစ်လို့ပါ၊ နောက်ပြီး အခြားလုပ်ငန်းနဲ့ မတူဘူး၊ ဒီလုပ်ငန်းက ကိုယ်က ဒီအလုပ်နဲ့ ပတ်သက်ပြီး၊ မလုပ်ချင်လို့ တစ်ရက်တလေလောက် နားမယ်ဆိုရင်တောင် နားလို့ မရတဲ့ အလုပ်မျိူးပါ၊ ဆက်တိုက် သူ့ အချိန်နဲ့ သူ လုပ်နေရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်”ဟု  ဦးဝင်းနိုင်က ဆက်လက် ပြောဆိုသည်။

အဆိုပါ လုပ်ငန်းသည်၊ အခု လက်ရှိမှာ မိသားစု အနေဖြင့် တပိုင်တနိုင် လုပ်ကိုင်သူများသာ ရှိနေပြီး၊ သီးခြားလုပ်ကိုင်ခြင်းနှင့် အလုပ်သမားများကို ခေါ်ယူငှားရမ်းလုပ်ကိုင်သူများ မရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် ဓနိပျား ( ချိုပြီး ပျစ်ချွဲချွဲအရည်) လုပ်ငန်းလုပ်ကိုင်သူများမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း သိရသည်။

“ဒီအလုပ်မှာ အဓိက ထင်းကို အသုံးပြုနေရတော့ အလုပ်သမားတွေကို ခေါ်ယူပြီး၊ လုပ်လို့ မနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ အမြတ်အစွန်းက အရင်လို မကျန်တော့တာကြောင့် အလုပ်သမား ငှားမယ်ဆိုရင် အခက်အခဲတွေ အများကြီး ဖြစ်နိုင်ပါတယ်”ဟု တညက်ကျေးရွာနေ ဓနိပျား လုပ်ကိုင်သူ ဦးတင်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ၅ ဂါလံပုံး ၁ ပုံးပါ ဓနိပျား ၁ ပုံးကို ၁၆၀၀၀ ကျပ် အထိ ပေါက်စျေး ရရှိခဲ့ပြီး၊ ယခုနှစ်မှာ ၁၄၀၀၀ ကျပ် ကျပ်သာ ရှိတော့ကြောင်း ဓနိပျား အရောင်းအဝယ် စျေးကွက် အတွင်းမှ သိရသည်။

မြိတ်ဒေသတွင် ဓနိပင်သည်၊ အမျိုးမျိုး အသုံးနိုင်ပြီး၊ အရွက်ကို သက်ကယ်အမိုးအဖြစ် အသုံးပြု နိုင်သလို၊ ယင်းအပင်မှ ထွက်ရှိသည့်အရည်မှာ ရှာလကာရည်၊ ဓနိချိုရည်၊ ဓနိရည်ခါးနှင့် ဓနိပျား စသည်ဖြင့် ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။

ဓနိပျားသည်၊ မြိတ်ဒေသတွင် မုန့်သရေစာများ ပြုလုပ်ရာ၌ သကြားအစား ထည့်သုံးခြင်း ဖြစ်ပြီး၊ မြိတ်ရိုးရာ မုန့်များနှင့် အချိုပွဲများတွင် အများဆုံးထည့်သုံးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required