ဆူဇူကီးဖလားရလဒ်ကြောင့် လက်ရွေးစင်အသင်းနည်းပြချုပ်နှင့် MFF တို့ စာချုပ်ဖျက်သိမ်း

ဆူဇူကီးဖလားရလဒ်ကြောင့် လက်ရွေးစင်အသင်းနည်းပြချုပ်နှင့် MFF တို့ စာချုပ်ဖျက်သိမ်း

ဒီဇင်ဘာ ၁၂ ။               ။ ဆူဇူကီးဖလားရလဒ်ကြောင့် ၇ လ ကြာလက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် လုပ်ကိုင်ခဲ့သော အန်တွမ်နီဟေး နှင့် MFF တို့ ယနေ့ စာချုပ်ဖျက်သိမ်းလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)နှင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့သည်  နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်ဟု ယနေ့ညပိုင်းတွင် MFF မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုမှထွက်ခဲ့ရခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ အပြန်အလှန် သုံးသပ်မှုများ ပြုလုပ်ကာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် လမ်းခွဲရန်အတွက် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

” ကျွန်တော့် အနေနဲ့ ကျွန်တော့်အသင်း၊ ကျွန်တော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့ရာတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲ လိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျွန်တော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဘောလုံး ပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာ ကောင်းတဲ့ပရိသတ်တွေပါပဲ။” ဟု အန်တွမ်နီဟေးက နှုတ်ဆက်စကား ဆိုခဲ့သည်။

ဆူဇူကီးဖလားတွင် ကမ္ဘောဒီးယားနှင့် လာအိုကို အနိုင်ရရှိခဲ့သော်လည်း ဗီယက်နမ်ကို အိမ်ကွင်း၌ သရေ၊ မလေးရှားကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့ကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။

နည်းပြချူပ်အား စာချူပ်ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ MFF နည်းစနစ် ကော်မတီက ” မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချူပ် တစ်ဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ MFF နည်းစနစ်ကော်မတီ အနေဖြင့် ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ကြောင်း၊ MFF နှင့် နည်းပြချူပ်တို့ စာချူပ် ချူပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်(ဆူဇူကီးဖလား) အောင်မြင်မှုရရှိရေး သည်သာ စာချူပ်၏ အဓိကအချက် ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နည်းပြချူပ်တွင်သာ အပြည့်အဝ တာဝန်ရှိခြင်း မဟုတ်ဘဲ ကစားသမားများ အပါအဝင် ဘက်ပေါင်းစုံမှ အားနည်းမှုများ ကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်း ဖြစ်ကြောင်း၊ အဖွဲ့ချူပ်နှင့် ကဏ္ဍအသီးသီး အားနည်းမှု၊ မြန်မာ့ ဘောလုံး၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ကစားကွင်း Facilities များ ကောင်းမွန်ခြင်း လုံလောက်ခြင်း မရှိမှု၊ လူငယ်ပြိုင်ပွဲများ ကျင်းပနေသော်လည်း လုံလောက်ခြင်း မရှိသေးမှု၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေရေးနှင့် လူငယ်ပြိုင်ပွဲများ အဆင့်အတန်းမြင့်မြင့် ကျင်းပနိုင်ခြင်း မရှိသေးမှု၊ အခြေခံ အဆောက်အဦနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် ပံ့ပိုးကူညီမှုများ နည်းပါးမှု၊ နိုင်ငံတကာနှင့် ယှဉ်မည်ဆိုပါက အဘက်ဘက်မှ နိမ့်ကျနေမှု အစရှိသဖြင့် အခြေခံ ဘက်ပေါင်းစုံ အားနည်းနေမှုများနှင့်လည်း သက်ဆိုင်ကြောင်း နည်းစနစ်ကော်မတီက သုံးသပ်ခဲ့သည်။

MFF နှင့် ဂျာမနီ နည်းပြ အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ခီမေးလ် ဟာလတ်၊ ဂိုးနည်းပြ ကာစတန် မာတင် ဟာဇော့ တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က တစ်နှစ်ခွဲကြာ စာချူပ်သက်တမ်း ချုပ်ဆိုခဲ့ကြပြီး မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၈ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲတွင်လည်းကောင်း၊ မြန်မာ ယူ၂၃ အိုလံပစ် အသင်းအား အာရှအားကစား ပွဲတော်တွင်လည်းကောင်း  နည်းပြအဖြစ်တာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly