စပါးရောင်းရငွေ ကျပ် ၂၈ သိန်း ခိုးယူခဲ့သူအား ဖမ်းဆီးစစ်ဆေးနေ

စပါးရောင်းရငွေ ကျပ် ၂၈ သိန်း ခိုးယူခဲ့သူအား ဖမ်းဆီးစစ်ဆေးနေ
ဓာတ်​ပုံ- ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၃ ။             ။ ရန်ကုန်မြို့၊ ကော့မှူးမြို့နယ်၊ ကန်သုံးကန်ကျေးရွာရှိ လယ်တဲထဲတွင် သိမ်းထားသည့် စပါးရောင်းရငွေ ကျပ် ၂၈ သိန်းအား ခိုးယူခဲ့သူ အသက် ၂၅ နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ သိရသည်။

စပါးရောင်းရငွေများခိုးယူခဲ့သူမှာ ကော့မှူးမြို့နယ်၊ ကိုးတောင်ရွာတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ်ရှိ သည့် မျိုးအောင်(ခ) ဖိုးအောင်ဆိုသူဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်၊ နံနက် ၁ဝ နာရီခန့်အချိန်တွင် ကော့မှူးမြို့နယ်၊ ကန်သုံးကန် ကျေးရွာတွင်နေထိုင်သောအမျိုးသားက ၎င်း၏ လယ်တဲထဲတွင်သိမ်းထားသည့်  စပါးတင်း ၄ဝဝ ရောင်းရငွေ ဖြစ်သည့် ကျပ်သိန်း ၅ဝ ထဲမှ ၂၈ သိန်းပျောက်ဆုံးနေသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုသို့ ပျောက်ဆုံးသွားသဖြင့် ငွေပျောက်ဆုံးသူ အမျိုးသားက စုံစမ်းခဲ့ရာ ဒီဇင်ဘာလ ၁ဝ ရက်၊ ညနေ ၅ နာရီ၊ ၁ဝ မိနစ်ခန့်အချိန်တွင် တစ်ရွာတည်းနေသူ၏တဲတွင် လူငှားအဖြစ် လုပ်ကိုင်နေသူ မျိုးအောင်(ခ)ဖိုးအောင်မှာ ၎င်းလုပ်ကိုင်နေသည့် လယ်တဲထဲတွင် မရှိတော့ဘဲ ပျောက်ဆုံးနေသဖြင့် ငွေများပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းခဲ့ရာမှ  အဆိုပါငွေများအား မျိုးအောင်(ခ) ဖိုးအောင် ခိုးယူသွားကြောင်းစုံစမ်းသိရှိရသဖြင့် ကော့မှူးမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကော့မှူးမြို့မရဲတပ်ဖွဲ့မှ  ပြစ်မှုကျူးလွန်ကြောင်းတိုင်တန်းခံရသူ ကော့မှူးမြို့နယ်၊ ကိုးတောင်ရွာနေ အသက် ၂၅ နှစ်အရွယ် မျိုးအောင်(ခ) ဖိုးအောင်အားအမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းအား စစ်ဆေးခဲ့ရာမှ အဆိုပါပြစ်မှုအား ကျူး လွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်မှ ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required