ကမ်းလွန်လုပ်ကွက် MD- 7 တွင် လုပ်ငန်းများ မစတင်မီ EIA ဆိုင်ရာ လူထုတွေ့ဆုံပွဲ ပြုလုပ်

ကမ်းလွန်လုပ်ကွက် MD- 7 တွင် လုပ်ငန်းများ မစတင်မီ EIA ဆိုင်ရာ လူထုတွေ့ဆုံပွဲ ပြုလုပ်

မြိတ်၊ ဒီဇင်ဘာ ၁၃ ။            ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော PTTEP SA ကုမ္ပဏီမှ ကမ်းလွန်လုပ်ကွက် အမှတ် MD- 7 တွင် တူးဖော်ရေး လုပ်ငန်းများ မဆောင်ရွက်မီ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း (EIA ) (ပထမအကြိမ်) လူထုတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် MD- 7 တွင် ကနဦး လုပ်ငန်းအစီအစဉ်နဲ့ ပတ်သက်၍ ဆောင်ရွက်သွားမည့် အစမ်းတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ မှ ၂၀၁၉ ခုနှစ် မတ်လအထိ တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့စည်းများနှင့် ဒေသခံ ပြည်သူများနှင့် ဆွေးနွေးပွဲများကို ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်း တွေ့ဆုံဆွေးနွေးပွဲ၌ ကုမ္ပဏီဘက်မှ ပြောဆိုသွားခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ် ဒေါ်စောသန္တာက“အခုက ကျွန်မတို့ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူတွေ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အရင်အဦးဆုံး လုပ်တာပါ။ လုပ်ငန်းကတော့ မစရသေးပါဘူး၊ မြို့နယ်အလိုက် လူထုတွေ့ဆုံ ဆွေးနွေးပွဲမှ ထွက်ရှိလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ပြန်လည် သုံးသပ်ပြီးမှ ဘယ်လိုမျိုး လုပ်ကိုင်ရမယ် ဆိုတာကို စစ်တမ်း ကောက်တာ ဖြစ်တယ်”ဟု ပြောဆိုသည်။

လုပ်ငန်းအစီအစဉ်ကိုတော့ လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာမှ အောက်တိုဘာအထိ ပင်လယ်ရေကြောင်း သတိပေး ကြေညာချက်ကို ထုတ်ပြန်သွားမှာ ဖြစ်ကာ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာနောက်ပိုင်းတွင် တွင်းတူးစက် သယ်ခြင်းနှင့် တွင်းတူးလုပ်ငန်းများကို စတင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာထားသည်။

လုပ်ကွက် MD- 7 သည်၊ ရေနက်ပိုင်းလုပ်ကွက် တစ်ခုဖြစ်ပြီး၊ ရန်ကုန်မြို့မှ ၆၄၀ ကီလိုမီတာ၊ မြိတ်မှ ၃၀၀ ကီလိုမီတာ၊ ကော့သောင်းမြို့မှ ၂၃၀ ကီလိုမီတာနှင့် ထားဝယ်မြို့မှ ၃၉၀ ကီလိုမီတာခန့် အကွာအဝေး ကပ္ပလီ ပင်လယ်ပြင်တွင် တည်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required