ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ၊ အပိုင်း ( ၂ )

By ကိုမျိုးသန့်(မဇ္စျိမ)
13 December 2018
ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ၊ အပိုင်း ( ၂ )

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။   ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ  အပိုင်း ( ၂ ) မှာတော့ WHO ရဲ့ အခန်းကဏ္ဍ၊ အသား၊ ငါး ၊ ဟင်းသီးဟင်းရွက်တွေရဲ့ side effect အကြောင်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။ ဆွေးနွေးပွဲမှာပါဝင်သူများကတော့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Dr . Stephan Paul Jost  ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့   ဒေါက်တာ မြရည်မွန် ဖြစ်ပါတယ်၊ ဆရာမ ဆိုရင်လည်း WHO ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ယောက်ကတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွန်ကြားရေးမူးချုပ် ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ဖြစ်ပါတယ်၊ ဆရာမက   အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကော်မတီရဲ့ အတွင်းရေးမူးပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့4R Health Talk အစီအစဉ်ကို ကမကထ ပြုပေးနေတဲ့    Mr.Ravind Jain ဖြစ်ပါတယ်၊ သူကတော့ 4R Consultancy Limited ရဲ့ Managing Director  ဖြစ်ပါတယ်ခင်ဗျား။

မေး။ ။   WHO ကို ကျွန်တော်မေးပါမယ်။ ကျွန်တော်တို့ ဒီဆေးယဉ်ပါးမှုဆိုတာ WHO အနေနဲ့   ပြည်သူလူထု အသိပညာပေးတာတွေ ဘယ်လိုတွေ လုပ်နေတာ ဆိုတာလေး သိချင်ပါတယ်။

 Dr . Stephan Paul Jost  ။ ။ WHO ကဆိုလို့ရှိရင် ကမ္ဘာလုံးဆိုင်ရာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရော နောက်ပြီးတော့ ဒေသအတွင်းပေါ့၊ ဒေသအတွင်းဆိုတာက ကျွန်မတို့ဆိုရင် အရှေ့တောင် အာရှပေါ့ South East Asia လိုဟာမျိုး နောက်ပြီးတော့ ဒေသတွင်းဆိုင်ရာမှာရော နောက်ပြီးတော့ တိုင်းပြည်နယ်ပယ် အဆင့်မှာရောပဲ ပိုပြီးတော့ လုပ်ဆောင် ဆောင်ရွက်ပေးနေပါတယ်။ နောက်တစ်ခုကကျတော့ WHO က ဆိုလို့ရှိရင် တကယ်ကို သီးသန့်ပေါ့၊ တစ်သီးတစ်သန့်တည်းနဲ့ တစ်ခုတည်းသွားနေတာ မဟုတ်ဘဲနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဒီ partnership  ပေါ့နော် တစ်ခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်ဖို့၊ အထူးသဖြင့်ဆိုလို့ရှိရင် လူ့ရဲ့ကျန်းမာရေးနဲ့ တိရိစ္ဆာန်တွေရဲ့ကျန်းမာရေးနဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ ကဏ္ဍပေါ့ တကယ်ကို မြှင့်တင်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီကမ္ဘာပေါ်မှာ ဆိုလို့ရှိရင်   ကျန်းမာရေးဆိုတဲ့နေရာမှာ လူ့ကျန်းမာရေးက သုံးပုံတစ်ပုံ၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးက သုံးပုံတစ်ပုံ၊ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်က သုံးပုံတစ်ပုံ အဲ့ဒီတော့ ဒီဟာတွေမှာ ကဏ္ဍအလိုက် ကဏ္ဍအလိုက် ပူးပေါင်းပြီး ဆောင်ရွက်နိုင်အောင် WHO က အဓိကပံ့ပိုးပေးတာကို လုပ်ဆောင်ပါတယ်။ နောက်တစ်ခုကျတော့ နောက်ထပ် WHO ဆောင်ရွက်ပေးနေတဲ့ အချက်တစ်ချက်ကတော့ ခုနမေးခွန်းထဲမှာ ပါသွားသလိုပဲ ဒီဆေးယဉ်ပါးမှုပြဿနာနဲ့  ပတ်သက်တဲ့ တကယ့်အခြေအနေမှန် တကယ့် သတင်းအချက်အလက် အမှန်တွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့ surveillance system လိုဟာမျိုးကို ကူညီပံ့ပိုးပေးနေပါတယ်။ အဲ့ဒီတော့ အဲ့ဒီလိုနေရာမှာ သတင်းအချက်အလက်တွေကို တိုင်းပြည်အလိုက် တိုင်းပြည်အလိုက် စုစည်းသွားမယ်၊ အဲဒီကနေ ဒေသအလိုက်စုစည်းပြီးတော့ တစ်ကမ္ဘာလုံးအဆင့်ပေါ့နော်။ ဘယ်လောက်ထိ အခြေအနေတွေ ဖြစ်နေပြီလဲပေါ့၊ အဲ့ဒီလိုမျိုး သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနိုင်ဖို့ အတွက်ကိုလည်း ကူညီပံ့ပိုးပေးနေပါတယ်။ နောက်တစ်ခုကကျတော့ တိုင်းပြည်တစ်ခုနဲ့ တစ်ခုကြားမှာ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ဟိုတိုင်းပြည်ကတော့ ဘယ်လိုကောင်းတယ်၊ ဒီဖက်တိုင်းပြည်ကလုပ်တဲ့ လုပ်ဆောင်ချက်တွေကတော့ နည်းလမ်းတွေကတော့ တကယ်ကို ကောင်းမွန်ထိရောက်တယ် ၊ ဒါကြောင့်မို့လို့ ဒီဖက်တိုင်းပြည်အနေအထားမျိုးကို မျှဝေပြီးတော့ အတုယူပြီးတော့ လုပ်ဆောင်သင့်တယ်   ပေါ့နော်။ အဲ့ဒါမျိုးတွေကို မျှဝေဖလှယ်ပေးနိုင်ဖို့လည်း တိုင်းပြည်အချင်းချင်းတွေ့ဆုံဆွေးနွေးတဲ့ ဒီလိုအစည်းအဝေးကြီးတွေမှာ ဖြစ်နိုင်အောင်၊ နောက် အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပြီးတော့လည်းပဲ ပံံ့ပိုးပေးတာမျိုးတွေရှိပါတယ်။ နောက်တစ်ခုကတော့ မနေ့ကပဲပေါ့နော်၊ ဥပမာတစ်ခုနဲ့ ပြောမယ်ဆိုရင် မနေ့ကမှပဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီး ကိုယ်တိုင်တက်ရောက်တဲ့ ကမ္ဘာ့ပဋိဇီဝဆေး အသိပညာပေးဆိုင်ရာနဲ့ ပတ်သက်တဲ့အခမ်းအနားပေါ့ အဲ့ဒီအခမ်းအနားမှာ ဆိုလို့ရှိရင် ဒီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရယ်၊ နောက် ဒီဖက်ကကျတော့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန နောက်တစ်ခါ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့နဲ့ အမြဲတမ်းအတွင်းဝန် နှစ်ဦးပေါ့နော် အဲ့ဒါဝန်ကြီးဌာန အချင်းချင်း လက်မှတ်ထိုးကြတယ်။ ဘာကို လက်မှတ်ထိုးတာလဲ ဆိုတော့ ဒီဆေးယဉ်ပါးမှု ပြဿနာကို ကဏ္ဍနှစ်ရပ်စလုံး တကယ်ကို လက်တွဲပြီးတော့ ဖြေရှင်းပါမယ် တကယ်ကို လက်တွဲပြီးတော့ တိုက်ဖျက်သွားကြပါမယ် ဆိုတဲ့သဘောထားမှတ်ချက်ပေါ့နော်။ အဲ့ဒီ statement လေးကို လက်မှတ်ထိုးပါတယ်။ အဲ့ဒီတော့ အဲ့ဒီလိုမျိုးဟာ ဒါဥပမာတစ်ခုပြောတာပါ၊ အဲ့ဒီလိုမျိုး သက်ဆိုင်ရာ ကဏ္ဍအသီးသီးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့ အတွက် ဒီလိုဟာမျိုးကို WHO အနေနဲ့ အများဆုံး ပံ့ပိုးပေးနေပါတယ်ပေါ့နော်။ နောက်အရေးအကြီးဆုံးတစ်ခုကတော့ ဘာလဲဆိုတော့ WHO က ကျွန်မတို့ ဘာလုပ်နေသလဲပေါ့၊ WHO အနေနဲ့ ဘာလုပ်နေသလဲဆိုတာကို မြှင့်တင်တာထက် မြှင့်တင်ခြင်းထက် တိုင်းပြည် တိုင်းပြည်တိုင်းက ကိုယ့်ဟာကိုယ်လုပ်ဆောင်နိုင်ဖို့အတွက် support ပေးပါတယ်။ နောက်တစ်ခုကတော့ ဥပမာတစ်ခုနဲ့ ပြောပါလို့ရှိရင် ဆရာခုနတုန်းက ပြလိုက်တဲ့ စာအုပ်ကလေးပေါ့နော် အဲ့ဒီလိုမျိုး ပြည်သူလူထုကို အသိပညာပေးတဲ့ စာအုပ်မျိုးတွေကို ပစ္စည်းမျိုးတွေကို ထုတ်ပါတယ် ၊အဲ့ဒီတော့ ဒီစာအုပ်ထဲမှာ ဆိုလို့ရှိရင် ဘာတွေရေးသားထားသလဲဆိုတော့  ပထမဦးဆုံး ပြောရမှာ ဆိုလို့ရှိရင်တော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO နဲ့ ပူးပေါင်းပြီးတော့ ထုတ်ဝေထားတဲ့ စာရွက်ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဆိုလို့ရှိရင်   အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသီးသီးပေါ့ ၊ဥပမာ ဒီဆရာဝန်က ဘာလုပ်သင့်သလဲ ၊သွားဆရာဝန်က ဘာလုပ်သင့်သလဲ ၊ နောက်ပြီးတော့ ဆေးဝါးပညာရှင် တွေကတော့ ဘယ်အခန်းကဏ္ဍကနေပြီးတော့ တစ်တပ််တစ်အား ပါဝင်နိုင်သလဲ၊   သားဖွားဆရာမတွေက ဘယ်လိုနေရာကပါဝင်နိုင်သလဲ။ နောက် ကိုယ်တွေကိုယ်တွေ ဘာလုပ်ရမလဲဆိုတာလေးကို အချက်ကလေးတွေနဲ့ ပြောထားတာဖြစ်တယ်၊ မြန်မာ-အင်္ဂလိပ်နှစ်မျိုးစလုံးနဲ့ ရေးထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ တကယ်ကို ကောင်းမွန်တဲ့ စာအုပ်ဖြစ်ပါတယ်၊ ဒီလိုအသိပညာပေးတဲ့ ကဏ္ဍတွေမှာ သုံးလို့ရပါတယ်။ အဲ့ဒီစာအုပ်ဆိုလို့ရှိရင်   ဒီဆရာမကြီးတို့ရဲ့ NHL Facebook မှာလည်း တင်မှာဖြစ်ပါတယ်။ နောက် ကျွန်မတို့ WHO မြန်မာ ဝက်ဆိုက်မှာလည်း တင်ထားမှာဖြစ်ပါတယ်။ အဲဒီကနေပြီးတော့ လွယ်လင့်တကူ ဒေါင်းလုတ်ယူလို့ရပါတယ်ပေါ့နော်။  

မေး။ ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ရယ်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရယ် ပေါ့နော် အတူပူးပေါင်းပြီးတော့  လုပ်နေတာရှိတယ်၊ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ ကြားဖူးတာပေါ့ ဝက်ပဲဖြစ်ဖြစ် ကြက်ပဲဖြစ်ဖြစ် အသားတိုးဆေးထိုးတာကို အဲ့ဒီကနေတစ်ဆင့် ကျွန်တော်တို့ စားရတယ်ပေါ့လေ၊ အဲ့ဒီကနေ side effect က ဒီပဋိဇီဝဆေး ယဉ်ပါးတဲ့ပြဿနာကိုရော ဘယ်လောက်ထိဖြစ်နိုင်လဲ ၊ ဘာတွေဖြစ်တတ်သလဲခင်ဗျား။

ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ။ ။ အမှန်ကတော့ ဒီအသားတိုးဆေး ဆိုတာကတော့ အသားတိုး ဖို့ပဲ ကြွေးရမှာ၊ ဒါပေမယ့် အသားမြန်မြန်တိုးပြီးတော့ ဈေးကွက်ထဲကို မြန်မြန် ရောက်နိုင်ဖို့ အတွက် သားငါးတိရစ္ဆာန်တွေမှာ ရောဂါကင်းဝေးဖို့ အဲ့ဒီဟာကို မလိုဘဲနဲ့ Anti biotic ကို ပဋိဇီဝဆေး ကို ထည့်ပြီးတော့ အသားတိုးဆေးထဲမှာ ရောကြွေးလိုက်တာဆိုတော့ အခု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကရော ကမ္ဘာ့စားနပ်ရိက္ခာ FAO ကရော ကမ္ဘာ့တိရစ္ဆာန်မွေးမြူရေး အဖွဲ့ကရော ဒီပြဿနာ တအားကြီးလာပြီဆိုတာ သိရတယ်၊ ခုနလည်း Dr . Stephan ပြောခဲ့တဲ့အတိုင်း   ကျွန်မတို့က သုံးပုံတစ်ပုံပဲသုံးတာ   ဆိုတော့ သူတို့တွေထိန်းနိုင်ရင် ကျွန်မတို့ အတော်သက်သာမယ်။ ဒါကြောင့်မို့လို့ ပူးပေါင်းဆောင်ရွက်ဖို့လိုလာတာ။ အဲ့ဒီတော့ တိရစ္ဆာန်မွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနဖက်ကလည်း   Anti biotic မရောဖို့၊ သူတို့ကလည်း   ဒါတွေကို သူတို့ဖက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် အရမ်းကို ဦးစားပေးပြီးတော့ မဟာဗျူဟာအဖွဲ့ ဖွဲ့ပြီး အတူလုပ်ဆောင်နေတယ်။ နောက်တစ်ခုက တိရစ္ဆာန်မွေးမြူရေး၊ သူတို့ကျန်းမာဖို့ ဘာလုပ်သင့်သလဲ ဆေးလည်းမတိုက်ရရင် အဲ့ဒါဆိုလို့ရှိရင် သူတို့ကလည်း   ဇီဝလုံခြုံမှု အဆင့်မြှင့်ပြီးတော့ Bio safety level  မြှင့်ပြီးတော့ တိရစ္ဆာန်တွေကို မွေးလိုက်မယ်၊ မွေးလိုက်ရင် အဲ့ဒီတိရစ္ဆာန်တွေက ဘယ်နှစ်ရက်နဲ့ ဈေးကွက်ထဲရောက်မယ်ဆိုရင် ကျန်းကျန်းမာမာရောက်သွားမယ် အဲ့ဒါဆို ကျွန်မတို့က ကျန်းမာတဲ့ တိရစ္ဆာန်အသားကို စားရမယ်၊ နောက်တစ်ခုက Anti biotic Free ပေါ့ ကျွန်မတို့ organic တွေ စားနေသလိုပေါ့။ အခုကျွန်မတို့ CP ကြက်တွေကို စားတယ်၊ ငါးတွေကို ဝယ်စားတယ်၊ City Mark ကပဲဖြစ်ဖြစ်   wet market ကပဲဖြစ်ဖြစ် ။  နောက်ပိုင်းတွေမှာလည်း Anti biotic free fish ၊  Anti biotic free pork ဖြစ်လာနိုင်မလား၊ အဲ့ဒါကြောင့်မို့လို့ သူတို့က ဆေးဇီဝလုံခြုံမှုကောင်းတဲ့ အဆင့်နဲ့ တိရစ္ဆာန်ကို မွေးမယ်၊   တိရစ္ဆာန်မွေးမြူရေးဖက်က အဲ့ဒါကို ပူးပေါင်းလုပ်တဲ့အထဲမှာ လုပ်ဆောင်လည်း လုပ်ဆောင်တယ်၊ သူတို့လည်း တော်တော်များများသေသေချာချာလုပ်နေတယ် သူတို့ဓာတ်ခွဲခန်းဆိုလည်း တအားကောင်းလာပြီ၊ သူတို့ဖက်ကလည်း အများကြီး တိုးတက်လာတာ တွေ့ပါတယ်ရှင်။

မေး။ ။ အသီးအနှံအစရှိသဖြင့်ပေါ့ ၊ ဒါကလည်း ကျွန်တော်ထင်တယ် တော်တော်များများ ပိုးသတ်ဆေးကိုသုံးတာ ပေါ့လေ၊ အလွန်အကျွံသုံးတာ ဆိုတာမျိုးရှိပါတယ်၊ ဆိုတော့ ဒီအပေါ်မှာရော ဒီဆေးယဉ်ပါးမှုပြဿနာ လူအပေါ်ကို ဘယ်လိုမျိုး side effect ရောက်နိုင်သလဲခင်ဗျား။

ဖြေ။ ။ ရောက်နိုင်ပါတယ်။ ကျွန်မတို့ အဲ့ဒီကောင်းမွန်တဲ့ ဒေတာတွေ မပြောနိုင်သေးလို့လေ၊ အခုဆိုရင် အင်စတီဆိုဒ် ပိုးသတ်ဆေးတွေက ဖြန်းကြတယ်။ fertilizer ထဲမှာ မြေသြဇာသည် မြေသြဇာပဲ ဖြစ်သင့်တယ် ၊ မြေသြဇာထဲမှာ fertilizer plus antibiotic  ဖြစ်နေတယ်၊ အဲ့ဒီတော့ တိရစ္ဆာန် အပင် ကျန်းမာရေးဘက်ကလည်း ပက်စ်တီဆိုက်ကွန်ထရိုး ကော်မတီ ရှိတယ်။ ပက်စ်တီဆိုက်ကွန်ထရိုး က မြန်မာပြည်ကို တင်တွင်းလာတဲ့ ပက်စ်တီဆိုက် တွေကို တကယ်ပဲ Antibiotic ကို ကြေငြာရမယ်၊ level ဘယ်လောက်ပါတယ်၊ နောက် မဟုတ်ဘူး မပါဘူး၊ ဒါသည် Promoter Fertilizer Only ၊ ဒါလည်း သူတို့ဖက်ကတော့လုပ်နေသေးတယ်၊ လုပ်နေကြပါတယ်။ သိုသော် သူတို့မှာလည်း လုပ်ဆောင်နေဆဲကာလဖြစ်တော့လေ အခက်အခဲလေးတော့ရှိနေပါတယ်။ ဒါပေမယ့် ကြိုးစားပြီး တော့ အန္တရာယ်ရှိပြီဆိုတာကို ခုကျတော့ သိနေပါပြီ awareness ပေါ့ ။    ။

ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ။ အပိုင်း ( ၁ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/53110

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly