ရန်ကုန်စည်ပင်က ချေးယူမည့် ပြည်ပချေးငွေ ယူရိုသန်း ၇၀ လွှတ်တော် ခွင့်မပြု

ရန်ကုန်စည်ပင်က ချေးယူမည့် ပြည်ပချေးငွေ ယူရိုသန်း ၇၀ လွှတ်တော် ခွင့်မပြု

နေပြည်တော်(ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၈ခုနှစ်)။    ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်မည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ပြည်ပချေးငွေ ယူရိုသန်း ၇၀ ရယူရေးကိစ္စကို ခွင့်မပြုကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၁၃ရက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

 အဆိုပါ ပြည်ပချေးငွေရယူရေးကိစ္စကို စက်ခလုတ်အသုံးပြုကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၃၄မဲ၊ ကန့်ကွက်မဲ ၄၉ရမဲနှင့် ကြားနေ ၆မဲ ရရှိသည့်အတွက် ချေးငွေရယူရန် သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့က အတည်ပြုပေးရန် တင်ပြလာသည့် ပြည်ပချေးငွေ ချေးယူခွင့်ကို လွှတ်တော်က ခွင့်မပြုသည့် ယခုဖြစ်စဉ်သည် NLD အမတ် အများစုနေရာယူထားသည့် လက်ရှိလွှတ်တော်သက်တမ်း သုံးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

 “ကန့်ကွက်ဆန္ဒမဲ များတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ရဝအား ရယူနိုင်ရေးကိစ္စကို လွှတ်တော်က သဘော မတူကြောင်း” ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေငြာခဲ့သည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်မည့် သယ်ယူ ပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေး မဟာဗျူဟာစီမံကိန်းအတွက် ပြင်သစ်နိုင်ငံ AFD ထံမှ ချေးယူခွင့်ပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနက ပြည်ထောင်စုလွှတ်တော်သို့ နိုဝင်ဘာ ၁၂ရက်က တင်ပြခဲ့သည်။

 အဆိုပါ ချေးငွေရယူမည့်အပေါ် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်များ ကိုယ်တိုင်ကန့်ကွက်ခဲ့ပြီးနောက် ယင်းစီမံကိန်းအား ထပ်မံစိစစ်ရန် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို တာဝန်ပေးခဲ့သည်။

 ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့် အဆိုပါ ချေးငွေရယူရေးကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

 ထို့နောက် ပြည်ပချေးငွေဖြင့် ဆောင််ရွက်မည့် အဆိုပါ စီမံကိန်းသည် လုပ်ငန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ တွင် အားနည်းချက်များ ရှိနေပြီး စီမံကိန်းမှ ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိနိုင်မှု လေ့လာ ဆန်းစစ်ချက်များကိုလည်း အစိုးရအဖွဲ့က မတင်ပြနိုင်သဖြင့် ယင်းစီမံကိန်းကို လတ်တလော ဆိုင်းငံ့ထားသင့် ကြောင်း ပူးပေါင်းကော်မတီက ဒီဇင်ဘာ ၁ဝရက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် သဘောထား မှတ်ချက် အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။

 ထိုအစီရင်ခံစာနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၃ ရက်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဒုဝန်ကြီး ဦးဆက်အောင်က လာရောက် ရှင်းလင်းစဉ် ထိုချေးငွေကို အတည်ပြုပေးရန် တင်ပြ လာသဖြင့် အထက်ပါအတိုင်း မဲခွဲပြီး ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

 ယခုကိစ္စသည် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းနိုင်သည့်သဘော သတ်မှတ် ရမည်ဖြစ်ပြီး စီမံကိန်းနှင့်ပတ်သက်၍ အချက်အလက် တိတိပပ အစိုးရဘက်က မတင်ပြနိုင်သဖြင့် အထက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

“အခုကိစ္စကတော့ အခု နောက်ဆုံးအချိန်အထိ သူတို့(ရန်ကုန်တိုင်းအစိုးရ)ကလည်း လွှတ်တော်ကြီးက လိုအပ်တဲ့၊ လွှတ်တော်က တောင်းဆိုထားတဲ့ အချက်အလက်တွေကို တိတိကျကျ တင်ပြနိုင်ခြင်း မရှိတဲ့အတွက် အခုလို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခု တင်ပြလာသည့် ချေးငွေရယူရေးကိစ္စကို မူအားဖြင့် သဘောတူသော်လည်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုများတွင် အားနည်းခဲ့ခြင်းကြောင့် နောင်တွင်လည်း အလားတူ ပြည်ပချေးငွေဖြင့် ဆောင်ရွက် မည့် စီမံကိန်းများအပေါ် လွှတ်တော်က ဂရုတစိုက်ဖြင့် စိစစ်ရန် လိုအပ်သည်ဟု ဝါရင့် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“နောင်မှာဆိုရင် ဒီလို နိုင်ငံခြားချေးငွေတွေနဲ့ ဆောင်ရွက်မယ့် အပေါ်မှာ ကျွန်မတို့ အနေနဲ့ ဂရုစိုက်ရမယ်။ ဘာကြောင့်လည်းဆို ကျွန်မတို့ တိုင်းပြည်က ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကလည်း များနေတယ်။ ချေးငွေနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စတချို့လုပ်ငန်းတွေဟာဆိုရင်လည်း အောင်မြင်တာတွေ ရှိတယ်။ တစ်ချို့ကျတော့လည်း ငွေသာ ကုန်သွားတယ်။ ထိထိရောက်ရောက် အကျိုးမရှိတာ အများကြီး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

 မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော် ပေးဆပ်ရန် ကျန်ရှိနေကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required