နမ္မတူချောင်းအတွင်း ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူအား ရက်ပေါင်း၂၀ ကြာသည်အထိ မတွေ့ရှိသေး

By ကျော်စွာထွန်း
13 December 2018
နမ္မတူချောင်းအတွင်း ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူအား ရက်ပေါင်း၂၀ ကြာသည်အထိ မတွေ့ရှိသေး

ရန်ကုန်၊ဒီဇင်ဘာ ၁၃ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူချောင်းအတွင်း နိုဝင်ဘာ ၂၃ရက်နေ့ တွင် ရေဆင်းကူးစဉ် ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူကို ရက်ပေါင်း၂ဝခန့်အထိ ရှာဖွေခဲ့သော် လည်း မတွေ့ရှိသေးကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှအတွင်းရေးမှူး စိုင်းလောင်ဆိုင်က ပြောသည်။

“တွေ့တဲ့အလောင်းတွေက ကျားတွေကြီးပဲ။ DNAစစ်တော့ ပထမဦးဆုံးတွေ့တဲ့အရိုးအလောင်းက ယောက်ျား ဖြစ်တယ်။ အရိုးနီးပါးကျန်တဲ့အလောင်းက ခန္ဓာကိုယ်ကအင်္ဂါမပေါ်တဲ့အတွက် DNAစစ်တဲ့အခါမှာ ကျား ဖြစ် တယ်ဗျ။ နောက်တစ်လောင်းကတော့ သေတာလဲမကြာသေးဘူး အင်္ဂါလည်းပေါ်တော့ ကျားမှန်းသိတယ်။ ကျားတွေကြီးပဲဗျ။ အခုထိတော့မတွေ့သေးဘူး” ဟု၄င်းကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ကိုရီးယားနိုင်ငံသူအား ကိုရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသား၂ယောက်ပါဝင်သည့် အဖွဲ့မှဆက်လက်ရှာဖွေမှုများပြုလုပ်နေပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဝေဠုကျော်ဖောင်ဒေးရှင်း(မန္တလေး) မှ ရေငုပ်သမားများလည်း လာရောက်ပူးပေါင်းကာ ရှာဖွေမည်ဟု သိရသည်။

အဆိုပါနမ္မတူချောင်းသည် လက်ရှိအချိန်တွင် ရေကျချိန်ဖြစ်ပြီး တချို့နေရာများတွင် လူတစ်ရပ်နီးပါး နစ်မြှုပ်ခြင်း မရှိသော်လည်း တစ်ချို့နေရာများတွင် ၁၅ပေခန့်နစ်မြှပ်ကြောင်း ကျောက်ဆောင်များနှင့် ဝဲကယက်များလည်း နေရာအချို့တွင်ရှိကြောင်းသိရသည်။

ရေကူးစဉ်ပျောက်ဆုံးခဲ့သည့် အသက်(၄၅)နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသူနှင့့်ပတ်သက်ပြီး တောင်ကိုရီးယားသံအမတ်ကိုယ်တိုင် သီပေါမြို့သို့လာရောက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး တွင် ပူးပေါင်းပါဝင်ခဲ့သည်။

သီပေါမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကိစ္စကို လူပျောက်မှုဖြင့်အမှုဖွင့်ထားပြီး မည်သည့်အခြေအနေဖြင့် ဖြစ်စေ ရှာတွေ့ပါကအမေရိကန်ဒေါ်လာငါးထောင် ပေးအပ်မည်ဟုလည်း ကိုရီးယားသံအမတ်က သတင်း ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly