တူရကီတွင် အမြန်ရထားတစ်စင်းက အခြားမီးရထားကို ဝင်တိုက်မိ၍ လမ်းချော်ပြီး တိမ်းမှောက်ခဲ့ရာ ၉ ဦးသေဆုံး

တူရကီတွင် အမြန်ရထားတစ်စင်းက အခြားမီးရထားကို ဝင်တိုက်မိ၍ လမ်းချော်ပြီး တိမ်းမှောက်ခဲ့ရာ ၉ ဦးသေဆုံး

ဒီဇင်ဘာ ၁၃ ။             ။ ယနေ့မနက်ပိုင်း ၆ နာရီခွဲမှာ တူရကီနိုင်ငံ၊ အန်ကာရာမြို့ကနေ ထွက်လာတဲ့ အမြန်ရထားတစ်စင်းဟာ လမ်းကြောင်းပေါ်မှာရှိနေတဲ့ အခြားမီးရထားတစ်စင်းကို ဝင်တိုက်မိရာမှ လူ ၉ ဦးသေဆုံးပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၉ ဦးရှိတဲ့အနက် သုံးဦးဟာ အမြန်ရထားကို ထိန်းကျောင်းမောင်းနှင်သူတွေဖြစ်ပြီး ကျန် ၆ ဦးဟာ ရထားပေါ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေဖြစ်တယ်လို့ သိရပါတယ်။

Hurriyet သတင်းစာဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါအမြန်ရထားဟာ အန်ကာရာမြို့၊ ဗဟိုမီးရထားဘူတာကနေ ကွန်ညာမြို့ကို ခရီးနှင်ခဲ့တာဖြစ်ပြီး ရထားပေါ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည် ၂၀၆ ဦးရှိခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအမြန်ရထားဟာ အန်ကာရာမြို့၊ ဗဟိုမီးရထားဘူတာနဲ့ ၅ မိုင်အကွာမှာရှိတဲ့ မာဆန်တစ်စ်ဘူတာမှာ အခြားရထားတစ်စင်းနဲ့ ဝင်တိုက်မိပြီး လမ်းချော်ကာ ယခုလို တိမ်းမှောက်ခဲ့ရတာဖြစ်ပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ဒေသခံတွေအနေနဲ့ နီးစပ်ရာဆေးရုံမှာ ကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly