တရုတ်နိုင်ငံသား ၃ဦးအား ဟိုက်ဒရိုကလိုရစ်အက်စစ် ပေပါများနှင့်အတူ ဖမ်းမိ

တရုတ်နိုင်ငံသား ၃ဦးအား ဟိုက်ဒရိုကလိုရစ်အက်စစ် ပေပါများနှင့်အတူ ဖမ်းမိ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဒီဇင်ဘာ ၁၃ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင်တရုတ်နိုင်ငံသား ၃ဦးအား ဟိုဒရိုကလိုရစ် အက်စစ်များနှင့် အက်စီတုန်းများနှင့် အတူ ဒီဇင်ဘာလ ၁၂ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ရက်နေ့က မူဆယ်မြို့နယ်၊ဟိုလောင်ကျေးရွာအနီး၌ ရတတမခ(၈၈)မှ ဗိုလ်မှူး ကျော်လင်းထက် ဦးစီးသော ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှင်းလင်းစဉ်  တရုတ်နိုင်ငံသား ၃ဦးကို Dongfeng ၆ ဘီး ယာဉ် ၄ စီးနှင့်အတူ ဟိုက်ဒရိုကလိုရစ်အက်စစ် ၁၆ လီတာစီပါ ၅၁၉ ပုံး၊ စုစုပေါင်း ၈၃၀၄ လီတာ၊ အက်စီတုန်း ၁၆၀ လီတာစီ ပါဝင်သော ၁၀၈ ပေပါ၊ စုစုပေါင်း ၁၇၂၈၀ လီတာတို့နှင့်အတူဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်း ဖမ်းဆီးရမိထားသူများတွင် ကျိုးဟော်ရင့်(ခ)ရှောက်ကျိုး(၃၃)နှစ်အပါအဝင် တရုတ်နိုင်ငံသား ၃ဦးဖြစ်ပြီး ၄င်းတို့ကို မူဆယ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စု (၂၂) ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မူဆယ်မြို့၏ နမ့်ပေါ်တံတားတွင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း (၂၂)ဘီးမော်တော်ယာဉ်နှစ်စီးပေါ်မှ အီသိုင်းအီသာ ၁၂,၀၀၀ လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၇,၂၀၀ လီတာ၊ အလူမီနီယမ် ဆာလ်ဖိတ် ၄,၈၀၀ ကီလို၊ အက်စီတစ်အက်စစ် ၁၅၀ လီတာ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုက် ၉,၄၄၀ လီတာ၊ ဖီနိုင်းအက်စီတစ်အက်စစ် ၄,၀၀၀ ကီလို၊ အရိုးမီးသွေး ၅၀၀ ကီလိုနှင့် ဖုန်းနှစ်လုံးတို့ကို ယာဉ်မောင်းနှစ်ဦးနှင့်အတူ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ဖမ်းဆီးနိုင်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly