တရုတ်မှာ အတင်းအိမ်ထောင်ချခံ၊ လိင်ကျေးကျွန်ပြုခံရတဲ့ မိန်းကလေးတွေကို ကယ်တင်ပေးနေတဲ့ Blue Dragon အဖွဲ့

တရုတ်မှာ အတင်းအိမ်ထောင်ချခံ၊ လိင်ကျေးကျွန်ပြုခံရတဲ့ မိန်းကလေးတွေကို ကယ်တင်ပေးနေတဲ့ Blue Dragon အဖွဲ့

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ။            ။ မိန်းကလေးနှစ်ဦးဟာ ဆံပင်အလှပြင်ဆိုင်ထဲကနေ လှစ်ခနဲ ထွက်ပြေးပြီး ကားတစ်စီးထဲ အမြန်ဝင်ရောက်သွားပါတယ်။

ဒီကားကတော့ အဲဒီ မိန်းကလေးနှစ်ဦးကို ဗီယက်နမ်နိုင်ငံဆီ ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးမယ့် ကားပါပဲ။

တရုတ်နိုင်ငံတွင်းမှာ အမျိုးသမီးနဲ့ မိိန်းကလေးတွေကို အတင်းအကျပ် အိမ်ထောင်ပြုခံရတာ၊ လိင်ကျေးကျွန် ပြုခံရတာတွေကနေ သတ္တိရှိရှိ ဝင်ရောက်ကယ်တင်ပေးနေတာတွေဟာ လတိုင်းလို ဖြစ်ပွားပေါ်ပေါက်လာပါတယ်။

ခုလည်း ဆောင်ကြာမြိုင်တစ်ခုကနေ ဗီယက်နမ်မိန်းကလေးနှစ်ဦးကို အောင်မြင်စွာ ကယ်ထုတ်သွားတာဖြစ်ပါတယ်။ ဒီလို ကယ်ထုတ်တာကိုလည်း ဖုန်းကင်မရာနဲ့ ရိုက််ယူထားပါတယ်။

တရုတ်နိုင်ငံမှာက အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် အဆမတန်များတာကြောင့် သတို့သမီးနဲ့ လိင်အလုပ်သမ လိုအပ်ချက်ဟာ မက်လောက်စရာ စျေးကွက်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်နေပါတော့တယ်။

ဒီအတွက် လူကုန်ကူးမှုတွေနဲ့ အတင်းအိမ်ထောင်ချတာတွေ ဖြစ်ပွားပေါ်ပေါက်ပြီး ခံစားရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေကို ကယ်ထုတ်ရေးဟာလည်း အင်မတန် အန္တရာယ်ကြီးပါတယ်။

အတင်းတော်စပ်ထားရတဲ့ လင်ယောက်ကျားတွေ၊ ပြည့်တန်ဆာခေါင်းတွေနဲ့ လူကုန်ကူးမှု ကွန်ရက်တွေရဲ့ အန္တရာယ်ကြားထဲကနေ စွန့်စွန့်စားစား ကယ်တင်ရတာပဲ ဖြစ်ပါတယ်။

ဒီလို ကိုယ်ကျိုးမဖက်ဘဲ ကယ်တင်ပေးနေတဲ့ အဖွွဲ့ကတော့ Blue Dragon ဆိုတဲ့ အဖွဲ့ပါပဲ။

ဆင်းရဲတဲ့ မဲခေါင်နိုင်ငံတွေက အမျိုးသမီးတွေကို လူကုန်ကူးပြီး ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေလမ်းကြီး ရထားတဲ့ လူကုန်ကူးဂိုဏ်းတွေ ရန်ကြားကနေ Blue Dragon အဖွဲ့ဟာ ၂၀၀၇ ခုနှစ်ကတည်း လှုပ်ရှားဆောင်ရွက်တာခဲ့တာ ခုဆိုရင် လူကုန်ကူးခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ၄၀၀ ခန့့်ကို ကယ်တင်ပြီး အိမ်ပြန်ပို့့ပေးထားနိုင်ပါပြီ။

“ဘယ်သူကမှ သူတို့ရဲ့ ထမင်းအိုးကို လာရိုက်ခွဲတာကို သည်းခံမှာ မဟုတ်ဘူးလေ။”လို့ ဟနွိုင်းမှာ အခြေစိုက်ထားတဲ့ အကျိုးအမြတ်မမျှော်သော Blue Dagron အဖွဲ့မှ ကယ်တင်ရေးသမားတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required