မြောက်ပိုင်း ၃ဖွဲ့၏ထုတ်ပြန်ချက်ကို အစိုးရကြိုဆို

မြောက်ပိုင်း ၃ဖွဲ့၏ထုတ်ပြန်ချက်ကို အစိုးရကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။            ။ တပ်မတော်နှင့် တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ဖြစ်သော မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA ) နှင့် ရက္ခိုင့်တပ် (ULA/AA) တို့၏ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ်ပြန်ကြေငြာချက်ကို ထောက်ခံကြိုဆိုကြောင်း အစိုးရဘက်မှပြောဆိုလိုက်သည်။

ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာ ရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း အဆိုပါ ၃ဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ မြောက်ပိုင်း(၃)ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဆောင်ရွက်မယ့် ကြေညာချက် ဖြစ်ပါတယ်။ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်း(၃)ဖွဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ” ဟု ရေးသားပြောဆိုခဲ့သည်။

 အလားတူ ငြိမ်းချမ်းရေးကော်မရှင် (PC) ကလည်း “ နှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ယခုကြေညာချက်ထုတ်ပြန်သည့် ၃ ဖွဲ့ဖြစ်သော MNDAA, PSLF/TNLA , ULA/AA  တို့နှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ရရှိရေးကိစ္စနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်” ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် မြန်မာ့တပ်မတော်ဘက်မှလည်း စစ်ပွဲများချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်သည်ဟုလည်း မြောက်ပိုင်း ၃ဖွဲ့ကပြောဆိုခဲ့သည်။

 

ထို့အပြင် အဆိုပါ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့အနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည် ဟုလည်းပြောဆိုထားသည်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA ) နှင့် ရက္ခိုင့်တပ် (ULA/AA) တို့သည် “ ၀ “ အဖွဲ့ဦးဆောင်သည့် (FPNCC) အဖွဲ့အဝင်များလည်းဖြစ်ကြသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required