မြန်မာနိုင်ငံကို ကူညီရန် အမြဲဆင်သင့်ရှိနေဟု အိန္ဒိယသမ္မတ ပြောကြား

မြန်မာနိုင်ငံကို ကူညီရန် အမြဲဆင်သင့်ရှိနေဟု အိန္ဒိယသမ္မတ ပြောကြား
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။             ။ မြန်မာနိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ရပ်ကို ဖော်ဆောင်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံက ကူညီပေးဖို့ အမြဲတမ်း အဆင်သင့်ရှိနေတယ်လို့ အိန္ဒိယနိုင်ငံသမ္မတက ပြောသွားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ဆူးလေရှန်ဂရီလာဟိုတယ်မှာ သမ္မတနဲ့ အိန္ဒိယနွယ်ဖွားမြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံကို အလုပ်လာလုပ်နေတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာပြောကြားသွားတာပါ။

“ မြန်မာနိုင်ငံဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စိန်ခေါ်မှုတွေရှိနေတဲ့ ခရီးတစ်ခုအပေါ်ရောက်ရှိနေပါတယ်။ ပိုမို ကောင်းမွန်တဲ့ အနာဂတ်တစ်ရပ်ကို ဖော်ဆောင်လိုတဲ့ မြန်မာနိုင်ငံရဲ့ ပြင်းပြတဲ့ဆန္ဒတွေပြည့်ဝဖို့ အိန္ဒိယနိုင်ငံဟာ ကူညီဖြည့်ဆည်းပေးဖို့ အမြဲအဆင်သင့်ရှိနေတယ်ဆိုတာ မြန်မာအစိုးရကို ထပ်မံအာမခံဖို့ ကျွန်တော်ဒီကို ရောက်ရှိနေတာဖြစ်ပါတယ်” လို့ အိန္ဒိယသမ္မတက ပြောကြားပါတယ်။

ဘဝတူ ဒီမိုကရေစီနိုင်ငံနဲ့ ယဉ်ကျေးမှုခြင်းခြင်းတူညီတဲ့ မိတ်ဆွေနိုင်ငံတစ်ခုအနေနဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်ကြောင်းလည်း ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရှေးရှူတဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်ရေး ဟာလည်း အရေးကြီးတယ်လို့ အိန္ဒိယသမ္မတက ဆိုပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမယ့် ဒုက္ခသည်တွေ နေထိုင်ရေးအတွက် အိန္ဒိယအစိုးရ က နေအိမ် အလုံးငါးဆယ်ကို ဒီဇင်ဘာလ ၁၁ ရက် နေ့က လှူဒါန်းခဲ့ပါသေးတယ်။

အိန္ဒိယသမ္မတ ရှရီနမ် နက်သ်ကိုဗင့်ဟာ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ နေထိုင်သွားမှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly