ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံခဲ့သော ရာခိုင်နှုန်းမှာ မှန်ကန်သောကိန်းဂဏန်းမဟုတ်ဟု မကွေးတိုင်းဝန်ကြီးချုပ် သစ္စာဆိုပြော

ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံခဲ့သော ရာခိုင်နှုန်းမှာ မှန်ကန်သောကိန်းဂဏန်းမဟုတ်ဟု မကွေးတိုင်းဝန်ကြီးချုပ် သစ္စာဆိုပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၃ ။             ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူအများစု၏ ဆန္ဒဖြင့်ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ထောက်ခံထားသော ရာခိုင်နှုန်းမှာလည်း မှန်ကန်သော ကိန်းဂဏန်းမဟုတ်ကြောင်း မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သစ္စာဆိုကာ ပြောကြားလိုက်သည်။

“ဘယ်ရာခိုင်နှုန်းရတယ်၊ ညာရာခိုင်နှုန်းရတယ်ဆိုတာက မှန်ကန်တဲ့ ကိန်းဂဏန်းမဟုတ်ဘူး။ သစ္စာဆိုပြီး ပြောရဲတယ်။ ကျွန်တော် မှတ်မိသလောက်တော့ ၉၂ ရာခိုင်နှုန်း ဘာညာက ထောက်ခံတယ်ဆိုတာ မဟုတ်ဘူး။ အဲ့ဒီကိန်းဂဏန်းသည် မှန်ကန်တဲ့ ကိန်းဂဏန်းမဟုတ်ပါဘူး။ တကယ်လို့သာ ဒီဟာ အမှန်အကန် ကိန်းဂဏန်း ဖြစ်ပါရဲ့နဲ့ အမှန်အကန်ကိန်းဂဏန်းမဟုတ်ပါဘူးလို့ ကျွန်တော်လိမ်ညာပြောတယ်ဆိုရင် ဒီလိမ်တဲ့၊ ညာတဲ့ အကုသိုလ်ကြောင့် ကျွန်တော်သည် နေ့စဉ်နဲ့ အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ သေရပြီးတော့ ဘဝပေါင်းများစွာ အပ္ပါယ်ငရဲက မတက်ဘဲနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဝေးရသူဖြစ်ပါစေ”ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားအချင်းချင်း ရေပက်မဝင်သည့် စည်းလုံးမှု၊ နားလည် မှုများရှိရန် လိုအပ်ပြီး ထိုသို့ စည်းလုံးညီညွှတ်မှုရှိရန်အတွက်လည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်မှ ရမည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္စျိမနှင့် သီးသန့်အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

“ အစ်မ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာ ရှင်းရှင်းလေးပဲ။ ပြည်တွင်းငြိမ်းချမ်းရေး ဘာကြောင့် မရသေးတာ တုန်း၊ မလိုချင်လို့ မရတာပေါ့။ ကိုယ့်အကျိုးစီးပွားဘာတွေများထိခိုက်မလိုတုန်းဆို စိုးရိမ်နေလို့ မရတာပေါ့။ ဒါအင်မတန်ရှင်းတယ် သူပြောတာ။ တရားဝင်ပြောသွားတာပါ။ ကျွန်တော် အဲ့ဒီဟာကိုပဲပြောတာ။ ပြည်တွင်း ငြိမ်းချမ်းရေးမရမှ ရွှေတွေကျင်မယ်။ တူးမယ်။ မြစ်တွေ၊ ချောင်းတွေထဲမှာ။ ပြဒါးကြောင့် အဆိပ်မိပြီး ငါးတွေ သေတာ အရေးမကြီးဘူး။ပတ်ဝန်းကျင်ချောင်းတွေ၊ မြောင်းတွေ ကောကုန်တာအရေးမကြီးဘူး။ မြစ်ကြောင်း တွေ ပြောင်းကုန်တာအရေးမကြီးဘူး။ ရွှေရဖို့ အရေးကြီးတယ်။ ရွှေကလည်းပဲ ဒီလက်နက်ကိုင် အဖွဲ့အစည်း တွေရှိနေမှ၊ ပြည်တွင်းငြိမ်းချမ်းရေးမရမှ ရွှေရမယ်ဆိုတဲ့သူက ဘယ် ပြည်တွင်းငြိမ်းချမ်းရေး ကြိုက်တော့မှာ တုန်း”ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထို့ပြင် ကျောက်စိမ်းမှောင်ခိုများ၊ သစ်မှောင်ခိုများနှင့် မူးယစ်ဆေးဝါးမှောင်ခိုလုပ်သူများမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားသူများမဟုတ်ဘဲ အဆိုပါ ဘနဖူးသိုက်တူးသူများအား မည်သည့်နေရာတွင် ရှိကြောင်း နှင့် နာမည်တပ်ပြောရန် မကောင်းကြောင်း မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly