လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ကျနော်တို့ဟာ စာပိုဒ်တွေအကြောင်းပြောလာတာ တော်တော်လေး ပြည့်စုံသလို ဖြစ်လာနေပါပြီ။ ဒါပေမယ့် ပြီးတော့မပြီးသေးပါ။

ဒီနေရာမှာ ပြန်ပြီးစဉ်းစားတဲ့အခါ အရေးအကြီးဆုံးအချက်ကို ခဏတော့ ပြန်ပြောချင်ပါတယ်။ စာပိုဒ်အကြောင်း ပြောဆိုလာတဲ့အခါ စာပိုဒ်အကြောင်း စပြောကတည်းက မူလအဓိပ္ပါယ်ကိုအခြေခံပြီးမှသာ စာပိုဒ်အမျိုးမျိုးကို သရုပ်ခွဲကြည့်ခဲ့ကြတဲ့သဘောပါပဲ။ ကောင်းပြီ။ ဒါဆိုရင် စာပိုဒ် ဆိုသည်မှာ အဘယ်နည်းဆိုတဲ့မေးခွန်းကို ပြန်မေး ပြန်ဖြေကြည့်စေချင်ပါတယ်။ စာပိုဒ်ဆိုတာ ဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေဟာ စာပိုဒ်ရဲ့မူလပထမအခြေခံပါပဲ။ ဒါဆိုရင် စာပိုဒ် ဆိုတာ ဘာလည်း။ ဖြေကြည့်ပါအုန်း။

စာပိုဒ်ဆိုတာ “ဆိုလိုချက်တစ်ရပ်ရပ်ကို ၀ါကျများနဲ့စုစည်းဖေါ်ပြထားသော စကားပြေအဖွဲ့တစ်ခု”ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် စာပိုဒ်တွေကို ချရေးတဲ့အချိန်တိုင်း ကျနော်တို့ဟာ စာပိုဒ်ရဲ့အခြေခံရည်ရွယ်ချက်ဖြစ်တဲ့ ဆိိုလိုတဲ့အချက် ဆိုတာကို အမြဲသတိထားကြရမယ့်သဘောပေါ်လာပါတယ်။ ချရေးတဲ့စာပိုဒ်တိုင်းဟာ ပြောချင်တဲ့အချက်ကို ထိမိစေပါရဲ့လား။ ရှင်းလင်းစေပါရဲ့လား။ လှပစေပါရဲ့လား။ အဲသလို အခြေခံသဘောထားကို ဆုပ်ကိုင်ပြီးမှသာ စာပိုဒ်တွေ ကျနော်တို့ ရေးကြရတာပဲဖြစ်ပါတယ်။ အဲဒီ အခြေခံအချက်ကို မေ့ထားရင် စာပိုဒ်တွေဟာ ကိုယ်ပြေလိုဆိုလိုတဲ့အချက်ကို မထိမိစေတဲ့ဝါကျတွေ စာပိုဒ်တွေဖြစ်ပြီး ကို်ယ်ဆိုလိုတဲ့အချက်က လွဲချော်ကောင်း လွဲချော်ကုန်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ဟာ စာပိုဒ်တွေကိုရေးတဲ့အခါ အမြဲသတိမလစ်အောင်ထားရမယ့် သဘောထားကတော့ စာပိုဒ်ဆိုတာဘာလဲ၊ စာပိုဒ်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတဲ့ အခြေခံအချက်ကို မလွတ်တမ်းဆုပ်ကိုင်ထားကြဖို့ လိုအပ်လှပါတယ်။

ကဲ ဒါဆိုရင် စာပိုဒ်တွေအကြောင်း ကျနော်တို့ပြောလာကြရာမှာ စာပိုဒ်တွေထဲမှာပါဝင်နေတဲ့ ၀ါကျတွေ(စာကြောင်း)ကို ဦးစွာပထမ လေ့လာခဲ့ကြပါတယ်။ ဦးဆောင်ဝါကျ၊ စာပိုဒ်ရဲ့ကိုယ်ထည်ပိုင်း၊ ပြီးတော့ နိဂုံးဝါကျ၊ ဟန်ချက်ညီဝါကျဆိုပြီး ပိုင်းဆစ်ခွဲခြမ်းလေ့လာခဲ့ကြပါတယ်။ ဥပမာတွေနဲ့တကွ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့တော့ မတူတဲ့ဝါကျများအကြောင်း(၀ါကျအသွင်ကွဲမှု)ကို ပြောကြဖို့ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဘယ်အရာမဆို အမြဲတမ်း တပုံစံထဲဖြစ်နေ မြင်နေ ကြားနေရမယ်ဆိုရင် ငြီးငွေ့စရာကောင်းနေမှာအမှန်ပါပဲ။ မငြိီးငွေ့ရအောင် အပြောင်းအလဲ လုပ်ပေးရပါတယ်။ ( မပြောင်းလဲတဲ့အရာဆိုတာလည်း မရှိပါဘူး။) ဒါကြောင့်မို့ စာပိုဒ်တစ်ပိုဒ်ထဲမှာရှိတဲ့ ၀ါကျတွေကို တစ်ခုနဲ့တစ်ခု မတူအောင် တမင်ကိုပဲ အသွင်ခွဲပြီးရေးကြရပါတယ်။ ၀ါကျပုံစံချင်း ၀ါကျ အတိုအရှည်ကအစ တစ်ခုနဲ့တစ်ခု မတူအောင်ရေးကြရပါတယ်။ ဒါမှသာ ၀ါကျတွေဟာ တပုံစံတည်းမဖြစ်တော့ဘဲ စာဖတ်သူအဖို့လည်း မငြီးငွေ့တော့ဘူးပေါ့။

၀ါကျ တစ်ခုနဲ့တစ်ခု မတူအောင်ရေးတဲ့အလုပ်က စာရေးကျွမ်းကျင်သူဖြစ််။ လေလေ ပိုပြီးမတူအောင်ခွဲပြီး ရေးနိုင်လေလေပါပဲ။ ၀ါကျဖွဲ့ထုံးကို နားလည်ထားသူ စကာလုံးဝေါဟာရတွေရဲ့သဘောသကန်ကိုသိထားသူဖြစ်လေလေ ၀ါကျတွေတစ်ခုနဲ့တစ်ခုမတူအောင် ပိုပြီးရေးနိုင်လေလေပါပဲ။
ဥပမာအနေနဲ့ပြရရင် ကွယ်လွန်သူ ကထိက ဦးကျော်ရင်ရေးတဲ့ စာပို်ဒ်တစ်ပိုဒ်ကို လေ့လာကြည့်ကြရအောင်ပါ။ ဆရာကြီးဦးကျော်ရင် ငယ်စဉ်က သံပေါက်ကဗျာလေးများ လေ့ကျ့င့်ခဲ့ပုံ သတင်းစာတိုက်တွေဆီ ပို့ခဲ့ပုံကို ရေးထားတဲ့စာပိုဒ်ပါပဲ။

-    ကျွန်တော်သည် ထိုနေ့မှစ၍ သံပေါက်ရေးလေ့ကျင့်လေတော့သည်။ သံပေါက်ရေးနည်းဥပဒေသကို မသိ။ မိမိရှေ့၌ထားသော နမူနာသံပေါက်အသွားနှင့် တူမတူသာ ကြည့်သည်။ အဓိပ္ပါယ်ကို အရေးမလုပ်။ ကာရန်မိရန်သာ အားထုတ်သည်။ ရေးလိုက် ပြင်လိုက်၊ ရေးလိုက် ဖျက်လိုက်၊ ရေးလိုက် ဆုတ်လိုက်နှင့် သံပေါက်ပေါင်း သောင်းခြောက်ထောင်ရေးပြီးလေပြီ။ ထိုအထဲမှ အကောင်းဆုံးဟုထင်သည်ကို ဒဂုန်မဂ္ဂဇင်းတိုက်သို့ ပို့ရမည်လော။ ကောဇာသစ် မဂ္ဂဇင်းတိုက်သို့ပို့ရမည်လော။ သက်စောင့် မဂ္ဂဇင်းတိုက်သို့ ပို့ရမည်လော။ လေးနက်စွာ စဉ်းစားသည်။ ဒဂုန်မဂ္ဂဇင်းကို လယ်တီပဏ္ဍိတ ဦးမောင်ကြီးကိုယ်တိုင် ဦးစီးနေသည်။ ပို့၍မဖြစ်။ ကောဇာသစ် မဂ္ဂဇင်းတွင် ဇကာကြီးထိပ်တင်တို့ ရေးနေသည်။ ပို့၍ မဟန်။ သက်စောင့် မဂ္ဂဇင်းတွင်မူ ငါနှင့်တန်းတူကျောင်းသားများပင် ရေးနေသည်။ ပို့မည်။ အကောင်းဆုံးဟုထင်သော သံပေါက်တစ်ပုဒ်ကို ပို့လိုက်သည်။ လဆန်း၍ မဂ္ဂဇင်းများရောက်ချိန်တွင် စာတိုက်သို့ မပျက်မကွက်သွားပြီး သက်စောင့်မဂ္ဂဇင်းကို သဲသဲမဲမဲ လုသည်။ ခိုးသည်။ ကျွန်တော့်သံပေါက် မပါ။

အင်မတန် လှပတဲ့ စာပိုဒ်တစ်ပိုဒ်ပါပဲ။ ဆရာကြီး ဦးကျော်ရင် ငယ်စဉ်က ကဗျာရေးလေ့ကျင့်ခဲ့ရ မဂ္ဂဇင်းတိုက်တွေပို့ရ အထင်ကြီးတခွဲသားနဲ့ မဂ္ဂဇင်းတွေစောင့်ဖတ်ရ သို့သော် သူ့ကဗျာကမူ မဂ္ဂဇင်းတွင် ပါမလာ။
ဒိီအကြောင်းအရာကိုပဲ ဆရာကြီးဦးကျော်ရင်သည် ၀ါကျများ ပုံစံမတူအောင်တမင်ရေးပြရင်း ၀ါကျအတိုအရှည်များကို ကျွမ်းကျင်စွာတွဲဖက်ပြရင်း စာဖတ်သူကို မငြိိီးငွေ့အောင် ဆွဲခေါ်သွားနိုင် အထင်အရှားတွေ့ကြရမှာပါ။ စာဖတ်သူက သူဆွဲခေါ်ရာနောက် လိုလိုလားလား စိတ်လှုပ်ရှားတက်ကြွစွာ လိုက်ပါဖတ်ရှုရင်း သူပေးတဲ့ အကြောင်းအရာကို တကယ့်ကို သိမ်းပိုက်မိ ခံစားမိသွားစေတာ ဘယ်သူမှ ငြင်းနို်င်မယ်မထင်ပါဘူး။

ဒီစာပိုဒ်ထဲမှာ ၊ “ မသိ၊ မလုပ်၊ မဟန်၊ မပါ ” လို မဟုတ်ကြိယာနဲ့ဆုံးတဲ့ ၀ါကျတွေ၊  “ပို့မည်လော” အစရှိတဲ့ မေးခွန်းနဲ့ဆုံးတဲ့ ၀ါကျတွေ၊ “ သည်၊ တော့သည်၊ လေသည်” အစရှိတဲ့ နောက်ဆက်အမျိုးမျိုးနဲ့ဆုံးတဲ့ဝါကျတွေဟာ ဆရာကြီးဦးခင်မောင်ရင်ရဲ့ စကားပြေအရေးအသား ကျွမ်းကျင်မှုတွေပါပဲ။
ကဲ ဒီကနေ့လည်း ဒိီမှာပဲ ရပ်နားခွင့်ပြုစေချင်ပါတယ်။ နောက်နေ့တွေမှာ ပြန်ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required