ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားရန် ကော်မရှင်တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားရန် ကော်မရှင်တိုက်တွန်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံစဉ်။ ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။              ။ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် ဖြစ်ပေါ်ခဲ့သည့် လူအခွင့်အရေးချိုးဖောက်မှုများကို ကော်မရှင်ထံ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ပြောဆိုလိုက်သည်။

“အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကော်မရှင်ကို အချက်အလက်တွေ စုဆောင်း တင်သွင်းနိုင်တယ်” ဟု ၄င်းက ယမန်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် အခမ်းအနားတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ကော်မရှင်ထံသို့ပေးပို့ရာတွင်  တိုင်ကြားသူ၏ အမည် ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နှင့် အီးမေးလ် ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ) သို့မဟုတ် အခြား သက်သေခံကတ်ပြား များကို တင်ပြရမည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။

တိုင်ကြားချက်များကို မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်နှင့် ဘင်္ဂလီ စသည့် ဘာသာ လေးမျိုးမှ တစ်မျိုးမျိုးဖြင့် ရေးသားနိုင်ပြီး ကော်မရှင်၏ အီးမေးလ်ဖြစ်သည့် info@icoe-myanmar-org သို့လည်းကောင်း၊ ရုံးလိပ်စာဖြစ်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဇေယျာအောင်မြေလမ်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ ဖုန်း-၀၉-၈၉၇၆၆၃၁၈၉ သို့ လိပ်မူကာ စာတိုက်မှ တစ်ဆင့် ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တိုင်ကြားလာသည့် အချက်အလက်များကို ကော်မရှင်မှ လျှို့ဝှက်ထားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး တိုင်ကြားရန်  ကော်မရှင်က ဆိုသည်။ တိုင်ကြားလာသည့်အချက်အလက်များ ခိုင်မာစေရန် တိုင်ကြားသူများကို ကော်မရှင်မှ တွေ့ဆုံသွားမည်ဖြစ်ပြီး သက်သေထွက်ဆို လိုပါကလည်း ကော်မရှင်ထံ ကြိုတင် အသိပေးကာ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မည့် အချိန်နှင့် နေရာကို ကော်မရှင်မှ စီစဉ် ဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက် က နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး ရခိုင်ပြည်နယ်က တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်ဆက်စပ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်း ပေးထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly