မကွေးတိုင်းတွင်လာမည့် ၂နှစ်အတွင်း အနည်းဆုံးအိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းအထိ လျှပ်စစ်မီး ရရှိမည်ဟု ဝန်ကြီးချုပ်ဆို

မကွေးတိုင်းတွင်လာမည့် ၂နှစ်အတွင်း အနည်းဆုံးအိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းအထိ လျှပ်စစ်မီး ရရှိမည်ဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ ဒီဇင်ဘာလ ၁၃ ။              ။ မကွေးတိုင်းဒေသကြီးတွင် လာမည့် ၂ နှစ်အတွင်း အနည်းဆုံး အိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိ တော့မည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္စျိမသို့ ပြောသည်။

လာမည့် ၂ နှစ်အတွင်း (NEP) အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းပြီးဆုံးပါက အနည်းဆုံး အိမ် ထောင်စု ၄ဝ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိရန် လက်လှမ်းမီတော့မည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက မဇ္စျိမနှင့် သီးသန့်အင်တာဗျူးတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တချို့ဆို လိုချင်ရင်ဘယ်လိုမှ အိမ်မက် မမက်နိုင်တဲ့ကျေးရွာတွေမှာကို လျှပ်စစ်မီးရနေပြီ။ လျှပ်စစ်မီးရတော့ ဘာဖြစ်လဲဆိုတော့ အဓိကပြောရမယ့် အချက်တစ်ချက်ကဘာဖြစ်တုန်းဆိုတော့ လျှပ်စစ်မီးနဲ့ ထမင်းချက်မယ်၊ ဟင်းချက်မယ်၊ အခု ကျွန်တော်တို့ အများစုကလည်း ဒီအတွက်ကို  ထင်းပဲသုံးနေကြတာ။ ထင်းသုံးတော့ တောပြုန်းတာပေါ့။ တောပြုန်းတော့ တောခေါင်တယ်။ မိုးခေါင်တယ်။ ဒါကတဆင့် ရေတွေကြီးမယ်။ အခုလျှပ် စစ်မီးရအောင် ဆောင်ရွက်ပေးနေပြီဆိုတော့ ဒါတွေကို ကာကွယ်ပေးနိုင်တော့မှာပေါ့”ဟု မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုကပြောသည်။

လက်ရှိအစိုးရတက်လာသည့်အချိန်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုပေါင်း ၁၇ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိခဲ့ကြောင်း၊ ယခုတွင် အိမ်ထောင်စု ၂၅ ရာခိုင်နှုန်းကျော်ထိ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း ဒေါက် တာအောင်မိုးညိုက ဆက်လက်ပြောသည်။

“ ၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျွန်တော်တို့ အာဏာရတုန်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမကြီးကမှာထားတာ။ အခြေခံအဆောက် အဦတွေကို ဦးစားပေးရမယ်။ လိုအပ်ချက်တွေကလည်း အများကြီးရှိတယ်။ လမ်းတံတား၊ လျှပ်စစ်၊ အခုလည်းပဲ ဒါတွေကိုပဲ အဓိကထားပြီး ပြောနေတုန်းပဲ။ ဒီလမ်းတံတား၊ လျှပ်စစ် အဆင်မပြေဘဲနဲ့ ကောင်းကောင်းမွန်မွန် မရှိဘဲနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှု ဘယ်သူမှ လာမှာမဟုတ်တော့ဘူး။ အဲ့ဒါ ကြောင့် ဒီလိုရင်းနှီးမြုပ်နှံမှုရှိမှပဲ ဖွံ့ဖြိုးတိုးတက်မှာ။ ဒါကြောင့် လျှပ်စစ်ကို ဦးစားပေးအနေနဲ့ လုပ်ဆောင်ဖို့ အတွက် ပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။

 မကွေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် (NEP) အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်းမှ မဟာဓာတ်အားလိုင်းနှင့် ၂ မိုင်အတွင်း၊ ၅ မိုင်အတွင်းရှိကျေးရွာများကို ကနဦး အနေဖြင့် လုပ်ဆောင်လျက်ရှိပြီး ၁ဝ မိုင်အတွင်းရှိ ကျေးရွာများမှ ဘတ်ဂျက်လိုအပ်ချက်အရ တဖြည်းဖြည်း ရောက်ရှိလာနိုင်ရန် စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly