ရွေးကောက်ပွဲအတွက် အမျိုးသားနည်းတူ ယုံကြည်မှုအပြည့်ရှိကြောင်း ရခိုင် အမျိုးသမီးအမတ်လောင်းများ ဆို

ရွေးကောက်ပွဲအတွက် အမျိုးသားနည်းတူ ယုံကြည်မှုအပြည့်ရှိကြောင်း ရခိုင် အမျိုးသမီးအမတ်လောင်းများ ဆို

စစ်တွေ၊ စက်တင်ဘာ ၂၈ ။           ။ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးအမတ်လောင်းများအား မဲဆန္ဒရှင်အချို့က အမျိုးသားများနှင့် တန်းတူ လုပ်ကိုင်နိုင်သည့် စွမ်းရည် ရာခိုင်နှုန်းပြည့် ရှိနိုင်ပါ့မလားဆိုသည့်အမြင်များကို လက်ရှိဝင်ပြိုင်ကြမည့် အမျိုးသမီးအမတ်လောင်းများက အမျိုးသားများနှင့်တန်းတူ ယုံကြည်မှုအပြည့် ရှိကြောင်းပြော ဆိုနေကြသည်။

ရခိုင်အမျိုးသားပါတီ(ANP) မှ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁)မှ  ဝင်ပြိုင်မည့် ဒေါ်ခင်လှရီက " အမျိုးသားတွေနဲ့ ယှဉ်ပြိုင်ရတာကို ကျွန်မမှာ စိုးရိမ်စိတ်၊ ကြောင့်ကြ စိတ်လုံးဝမရှိဘူး။ ကျွန်မဟာ အရင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီဖြစ်တဲ့ RNDP မှာကတည်းက ကိုယ့်ဟာကိုယ် ယုံကြည်မှု အပြည့်နဲ့ ဝင်လာတာ ဖြစ်တယ်။ ကျွန်မဟာ ရခိုင့်အမျိုးသားရေး ၊နိုင်ငံရေးကို လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတဲ့ အတွက် ကြောက်တာတို့ စိုးရိမ်တာတို့ လုံးဝမရှိဘူး" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျေးရွာများသို့ စည်းရုံးရေးဆင်းသည့် အခါတွင် အမျိုးသမီးအမတ်လောင်းများမှာ ရွှံ့၊ ဗွက်အိုင်များကို ဖြတ်လျှောက်သွားရ၍ ခရီးကြန့်ကြာမှု များရှိ ကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ရသေ့တောင်မြို့နယ်က ပြည်သူ့လွှတ်တော်သို့ ဝင်ပြိုင်မည့် ဒေါ်ခင်စောဝေက ပြောကြားသည်။

အမျိုးသမီးများတွင် အမျိုးသားများနှင့် မတူသည့် စွမ်းရည်သတ္တိများစွာရှိပြီး အလုပ်လုပ်ရာတွင်လည်း စနစ်ကျန သပ်ရပ်မှုရှိကြောင်း ရခိုင်မျိုးချစ်ပါတီ ကိုယ်စားပြု စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသန်းရွှေက ပြောသည်။

“ စာသင်ကျောင်းတစ်ကျောင်းမှာ ဆိုပါစို့၊ ကျောင်းအုပ်မကြီးတစ်ယောက်ရဲ့ အုပ်ချုပ်မှုက အရမ်းစေ့စပ် သေချာပါတယ်။ တခါတခါ ကျောင်းအုပ်ဆရာကြီး အုပ်ချုပ်တာနဲ့ ကျောင်းအုပ်ဆရာမကြီး အုပ်ချုပ်တဲ့ ကျောင်းတွေ မှာ ကျောင်းအုပ်ဆရာမကြီး အုပ်ချုပ်တဲ့ကျောင်းတွေ စာမေးပွဲ အောင်ချက်တွေ ကောင်းပါတယ်။ ဆရာတွေထဲမှာ ဆိုရင်လည်း ဆရာမတွေက ပိုများပါတယ်။

“နောက်ပြီးတော့ မိခင်စိတ်ဓာတ်ပေါ့။ လူသားတွေရဲ့ အသည်းနှလုံးကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ် မေတ္တာနဲ့ ဆောင်ရွက်တဲ့ အမျိုးသမီးတွေရဲ့ နူးညံ့တဲ့ နှလုံးသားတွေဟာ တိုင်းပြည်မှာ စစ်ဖြစ်တာတွေ၊ လက်နက်ကိုင်တာတွေ အားလုံးကိုပေါ့ ထိန်းချုပ်နိုင်ပါတယ်။ အိမ်တွေမှာဆိုရင်လည်း အမေတွေ၊ အစ်မတွေကပဲ ထိန်းချုပ်တာမဟုတ်လား” ဟုဆိုသည်။

မည်သည့်အလုပ်ကိုမဆို အမျိုးသား၊ အမျိုးသမီးဆိုပြီး ခွဲခြားပြောဆိုခြင်းထက် ဝမ်းစာ လုံလောက်မှု ဆိုသည့် အရည်အချင်းနှင့်သာ ဆိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ရမ်းဗြဲ-အမ်း နှစ်မြို့နယ်ပေါင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ပြောသည်။

“ မမတို့မှာက အဓိက ဝမ်းစာပေါ့။ အလုပ်လုပ်မယ်ဆိုရင် အရည်အချင်းရှိဖို့ လိုအပ်တယ်လေ။ အခုလိုမျိုး နိုင်ငံရေးထဲမှာ ပါဝင်မယ်ဆိုရင် ဘယ်လောက်ထိ လေ့လာထားပြီးပြီလဲ ဆိုတဲ့အပေါ်မှာ ဝမ်းစာက လုံလောက်နေ ပြီလား ဆိုတဲ့အခါမှာ အမျိုးသား၊ အမျိုးသမီးတွေလို့ ကြီးကြီးမားမား စဉ်းစားစရာမလိုဘူး။ နိုင်ငံရေးအပေါ်မှာ ဘယ်လောက်ထိ သိထားပြီလဲဆိုတာ အရေးကြီးပါတယ်” ဟုဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှာ အမျိုးသမီးအမတ်လောင်း ၂၂ ဦးရှိပြီး ဒေသခံ ရခိုင်ပါတီများနှင့် အခြားပါတီများတွင် ယခင်ကထက် အမျိုးသမီးအမတ်လောင်းများ တိုးလာကြောင်း၊ သို့ရာတွင် ဦးဆောင်ဦးရွက်ပြုခြင်းနှင့် ဆုံးဖြတ်နိုင်စွမ်းရှိသည့် နေရာများတွင် အမျိုးသမီးများကို နေရာပေးခြင်း နည်းနေသေး ကြောင်း၊ အမျိုးသမီးဦးရေ မည်မျှပါဝင်ရမည့် မူဝါဒများ၊ ပုံစံများ မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly