သားသမီးဦးရေအလိုက် နိုင်ငံတော်၏ ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုများကို ဥပဒေထုတ်ပြန်၍ အားပေး မြှင့်တင်ရန် လိုအပ်နေဟု ဦးသန်းဌေးဆို

By မျိုးထွန်းနိုင်
12 December 2018
သားသမီးဦးရေအလိုက် နိုင်ငံတော်၏ ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုများကို ဥပဒေထုတ်ပြန်၍ အားပေး မြှင့်တင်ရန် လိုအပ်နေဟု ဦးသန်းဌေးဆို
ဓာတ်ပုံ- Union Solidarity and Development Party

ရန်ကုန်၊ဒီဇင်ဘာ ၁၂ ။           ။ အနာဂတ်အမျိုးသား အကျိုးစီးပွားအတွက်တိုင်းရင်းသားများထဲမှ သားသမီးဦးရေအလိုက် နိုင်ငံတော်၏ ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုများ ကို ဥပဒေထုတ်ပြန်၍ အားပေးမြှင့်တင်ရန် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။

ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသမီးညီလာခံ (၂ဝ၁၈)ကို ပါတီဌာနချုပ်ဖြစ်သော နေပြည် တော်တွင် ကျင်းပလျက်ရှိပြီး  ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်သော  ညီလာခံဒုတိယနေ့တွင် ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့၍ အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါညီလာခံတွင် အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့် အရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် အညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးရန် ထည့်သွင်းထားပြီး ပုခက်လွှဲသောလက်ပိုင်ရှင် ဖြစ်လာမည့် မြန်မာအမျိုး သမီးများ၏ အမျိုးဂုဏ်ထိန်းသိမ်းရေး၊ အမျိုးဇာတ်မပျက်ယွင်းအောင် ထိန်းသိမ်းရေးအတွက် ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း ဦးသန်းဌေးက ပြောခဲ့သည်။

“အမျိုးဇာတ်မပျက်ယွင်းစေဖို့နဲ့အမျိုးသမီးများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အ တွက် မျိုးစောင့် ဥပဒေလို့ အလွယ်ခေါ်ကြတဲ့ ဥပဒေများကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရ တာဝန်ယူစဉ် ကာလမှာ မဖြစ်ဖြစ်အောင်ပြဋ္ဌာန်းပေးခဲ့တာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီဥပဒေ ကို ပြန်ပြင်ဖို့ဆိုတဲ့ အတွေးအခေါ်တွေ အဆိုပြုချက်တွေ ပေါ်ထွက် လာတာလည်း မြန်မာအမျိုးသမီးထုကြီး သတိထားမိကြမယ် ထင်ပါတယ်။ ဒီဥပဒေကြောင့် ဘာသာတစ်ခုက အမျိုးသားတွေပဲထိခိုက်တယ်ဆိုတဲ့ အယူအဆအတွက် ဥပဒေလျှော့ပေါ့ပြင်ဆင်မယ့်အစား မည်သည့်ဘာသာဝင်ဖြစ်စေ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသား အမျိုးသားအားလုံးနဲ့ အကျုံးဝင်တဲ့ ဥပဒေဖြစ်အောင် ဖြည့်စွက်ရေးဆွဲခြင်းက ပိုမို ညီမျှပြီး ထိရောက်မှုရှိလိမ့်မယ် လို့မြင်ပါတယ်။တစ်လင်တစ်မယား မဟုတ်ဘဲ ဇနီးမယားအများအပြားယူခွင့် ရှိခြင်း၊ သားသမီးမွေးဖွားနှုန်းများ ပြားခြင်းတို့ကြောင့် အမျိုးဇာတ် အချိုးမညီမှု အချိန်တိုအတွင်းကြီး မားစွာ ဖြစ်ပေါ်စေခဲ့တာကိုလည်း တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာ လက်တွေ့ တွေ့မြင် ခံစားနေကြရ တာဖြစ်ပါတယ်။”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးစုအားလုံးအတွက်လည်း မိသားစု စီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်း  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအပါအဝင် ၁၃၅ မျိုးသော တိုင်းရင်းသားစစ်စစ်များ၏ ယနေ့ခေတ် သားသမီးမွေးဖွားနှုန်းသည် တစ်အိမ်ထောင်လျှင် သားသမီးနှစ်ယောက်၊ သုံးယောက်ထက် မပိုကြသော်လည်း တိုင်းရင်းသားမဟုတ်သည့် နိုင်ငံသားများနှင့် နိုင်ငံသားမဖြစ်သေးသူများ၏ သားသမီး မွေးဖွားနှုန်းသည် တိုင်းရင်းသားများထက် သိသိသာသာ များပြားနေကြောင်း ဦးသန်းဌေးက သုံးသပ်ခဲ့သည်။

“အနာဂတ်အမျိုးသား အကျိုးစီးပွားအတွက်ကျွန်တော်တို့ တိုင်းရင်းသားများထဲကသားသမီး ဦးရေ နှစ်ယောက် ထက်များလျှင် (သို့မဟုတ်) သုံးယောက်ထက်များလျှင်(သို့မဟုတ်)လေးယောက်ထက်များလျှင် စသည်ဖြင့် နိုင်ငံတော်ရဲ့ ထောက်ပံ့မှု အခွင့်အရေးပေးမှုတွေကိုလည်း ဥပဒေထုတ်ပြန်ပြီး အားပေးမြှင့်တင်ကြရမှာ ဖြစ်ပါ တယ်။”ဟု ဦးသန်းဌေးက ဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ၂ဝ၁၄ ခုနှစ် လူဦးရေဆိုင်ရာကိန်းဂဏန်းများအရ အမျိုးသမီးဦးရေသည် သိသိသာသာများ ပြားလာပြီး အမျိုးသား ဦးရေမှာ သိသိသာသာလျော့နည်းနေကြောင်း တိုင်းနှင့် ပြည်နယ်များအနက် နိုင်ငံ၏ အနောက်ခြမ်းနယ်စပ်ဒေသများဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေး တိုင်းတို့၌ကျား/မ အချိုးမညီမျှမှု ကွာဟမှုကြီးမားနေတာကို တွေ့ရကြောင်းဦးသန်းဌေးက ပြောခဲ့သည်။

“ အမျိုးသမီးဦးရေ ၁ဝဝ အတွက် အမျိုးသားဦးရေဟာ ရခိုင်ပြည်နယ် မှာ ၉ဝ၊ မန္တလေးတိုင်းမှာ ၉၁ ယောက်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှာ ၉၂ ယောက်၊ မွန်ပြည်နယ်မှာ ၉၃ ယောက်၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်တို့မှာ ၉၅ ယောက် စသည်ဖြင့် အနည်း အများကွာဟမှုများ ရှိကြောင်း တွေ့ရပါတယ်။ သိန်းနဲ့ သန်းနဲ့ချီပြီးရှိကြတဲ့ ပြည်နယ်၊ တိုင်းမှာရှိတဲ့ လူဦးရေနဲ့အချိုးချလိုက်ရင် အရေ အတွက် များပြားစွာ လျော့နည်း နေတဲ့ မြန်မာတိုင်းရင်းသားအမျိုးသား များနေရာကို ထိုးဖောက်ဝင်ရောက် လာမယ့်တိုင်း တစ်ပါးသားတွေရဲ့ အန္တရာယ်ဘယ်လောက်ကြီးတယ် ဆိုတာ မြင်နိုင်ကြလိမ့်မယ်ထင်ပါတယ်။”ဟု ဦးသန်းဌေးက သူ့၏ အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ အမျိုးဂုဏ်ထိန်းသိမ်းရေး၊ အမျိုးဇာတ်မပျက်ယွင်း အောင် ထိန်းသိမ်းရေး တာဝန်သည်နိုင်ငံအတွက် အရေးကြီးသောကြောင့် မြန်မာအမျိုးသမီးများအနေဖြင့် သတိထားသင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly