ရွှေဝါဆပ်ပြာထုပ်ဖြင့် ထည့်ထားသော WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းမိ

By မျိုးထွန်းနိုင်
12 December 2018
ရွှေဝါဆပ်ပြာထုပ်ဖြင့် ထည့်ထားသော WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းမိ
ဓာတ်ပုံ - ရဲဇာနည်

ရန်ကုန် ၊ဒီဇင်ဘာ ၁၂ ။               ။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ ရပ်ထားသောသုံးဘီးဆိုင်ကယ်အား ရှာဖွေရာ ရွှေဝါဆပ်ပြာထုပ်များဖြင့်ထည့်ထားသော  WY/R စိတ်ကြွဆေးပြား ကျပ်သိန်း သုံးထောင်ကျော်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့မှ သတင်းအရ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌ ရပ်ထားသော နာရီကန်ကျေးရွာတွင် နေထိုင်သူ ထွန်းဝင်း(ခ)သိန်းထွန်း(၄၄)နှစ်၊ (ဖ)ဦးသာမြ(ခ)မောင်ချေ၊ မောင်းနှင်သည့် ၄ဟ/------ သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ ရွှေဝါဆပ်ပြာ ၃၃ ထုပ်အတွင်းမှ WY/R စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးပြားများသည်  ၁ ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ကျပ် ၃၉၀၀၀၀၀၀၀၀ တန်ဖိုးရှိကြောင်း သိရပြီး အမှုအတွက် ကွင်းဆက်များကို ဖမ်းဆီးရမိနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ထိုအမှုမှ ထွန်းဝင်း(ခ)သိန်းထွန်း(၄၄)နှစ်၊ (ဖ)ဦးသာမြ(ခ)မောင်ချေကို စစ်တွေမြို့မ ရဲစခန်းတွင်  မူးယစ် (ပ)၆၂/၂၀၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required