အသစ်ခန့်အပ်သော ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးချုပ်သည် သမ္မတရုံးသို့ တိုင်ကြားခြင်း ခံထားရသူဖြစ်နေ

အသစ်ခန့်အပ်သော ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးချုပ်သည် သမ္မတရုံးသို့ တိုင်ကြားခြင်း ခံထားရသူဖြစ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။             ။ ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် အသစ်ခန့်အပ်ခြင်းခံထားရသူသည် အမှုတစ်ခုအတွက် သမ္မတရုံးသို့ တိုင်ကြားထားခြင်းခံထားရသူ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အမှတ်၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ပြည်သူတစ်ဦးက တိုင်ထားတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်လို့ တိုင်ထားတယ်။တိုင်ထားတာက သမ္မတ ရုံးကို စာရောက်တယ်။ ဒါကိုပြန်စီစစ်ပေးမယ်ဆိုပြီး အကြောင်းပြန်စာ ပို့ထားတယ်။သူတိုင်ကြားစာပို့ထားတဲ့ အချိန်က သမ္မတက ဦးထင်ကျော်လက်ထက်ပါ။ အစိုးရသစ် တက်ခါစ အချိန် ပေါ့။အဲအချိန်မှာပဲ ဦးလှအေး ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့ဝင် ပေါ့”ဟု ဦးကျော်ဇေယျက ဆိုသည်။

ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဟောင်းဦးဝင်းဆွေသည် သက်ပြည့်ပင်စင် ယူသွားခြင်း ကြောင့် အသစ်ခန့်အပ်မည့်သူ၏အမည်စာရင်းကို သမ္မတက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံ ပေးပို့ခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ကန့်ကွက်တာက မနေ့က ကန့်ကွက်ရမှာ။ ကျွန်တော်က ညကျမှ အဲ့အကြောင်းသိတာ။ ကျွန်တော်က မနက် အစောကြီးထပြီးပြောတဲ့အခါကျတော့ နောက်ကျသွားတယ်။အခုတော့ လွှတ်တော်ထဲမှာ အတည်ပြုပြီး သွားပြီ။ ကျွန်တော် လွှတ်တော်ထဲမှာတောင် ကန့်ကွက်ခွင့် မရလိုက်ဘူး”ဟု ဦးကျော်ဇေယျက ဆက်ပြောသည်။

တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် လွှတ်တော်မှအတည်ပြု ပေးခဲ့သော ဦးလှအေးသည် ယခင်က နေပြည်တော် တရားရုံးချုပ်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ကာ လက်ရှိအချိန်တွင်အသက် ၆၃နှစ်ရှိပြီဖြစ်သည်။

 “ဒီလို ရာထူးပေမယ့်သူတစ်ယောက်ကို အမှု Clear မဖြစ်သေးဘူး။ သူ့ကိုတိုင်ကြားထားတယ်။အဲ့ဒါကို သမ္မတရုံးက ပြန်စီစစ်ပေးမယ် အကြောင်းပြန်ထားတယ်။ အဲ့တာတွေ Clear မဖြစ်သေးပဲနဲ့ ဒါကို မပေး သင့်ဘူးဆိုပြီး ဒါကိုကန့်ကွက်တာပါ။”ဟု ဦးကျော်ဇေယျက မဇ္စျိမမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြား ခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly