နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထား၍ သေချာဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီးပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထား၍ သေချာဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီးပြော

ဒီဇင်ဘာ ၁၂၊ နေပြည်တော် ။             ။ အနာကြီးရောဂါသည်များအတွက် အကူအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ပြောကြားထား၍  သေချာဆောင်ရွက်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်ရှိ MICC (2) တွင် ကျင်းပပြုလုပ်သည့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံတွင် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အမှန်တိုင်းပြောမယ်ဆိုရင် Leprosy(အနာကြီးရောဂါ) ပရိုဂရမ်အနေနဲ့က နည်းနည်းလေး ဖရိုဖရဲ ဖြစ်သွားတာရှိပါတယ်။ ဒါက အမှန်တရားပါ။ အဲဒါကလည်း အခုက ပရိုဂရမ် မန်နေဂျာ အသစ် ခန့်လိုက်ပါပြီ။ ခန့်ပြီးတော့ TAG ရဲ့ Technical Advise နဲ့ ကျွန်တော်တို့ ဘယ်လိုဆက်လုပ်မလဲ။ ဖွဲ့စည်းပုံက အစ အကုန်လုံး အကုန်လုံးကို သေသေချာချာလုပ်မယ် ။ မလုပ်လို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်လာပြောသွားပြီ။ ကျွန်တော်တို့ မလုပ်ရင် ကျွန်တော် တာဝန်မကျေဘူးဖြစ်တဲ့ အတွက် ဒါကိုကျွန်တော်သေသေချာချာ လုပ်မှာဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၄င်းရောဂါသည် ကြောက်စရာ မကောင်းကြောင်း၊ ကူးစက်မှုသည်လည်း နှေးကြောင်းနှင့် ကုသမှုခံယူပါက ပျောက်ကင်းနိုင် ကြောင်းကို လူနာများထံသို့ အဆိုပါ အဖွဲ့အစည်းများမှ ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ ပရိုဂရမ်ကို ၁၉၅၂ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် လူ တစ်သောင်းလျှင် တစ်ယောက်သာ ဖြစ်ပွားမှုနှုန်းထိ လျော့ချမှုကို နိုင်ငံအဆင့်တွင် ရရှိပြီဖြစ်သော်လည်း အချို့ တိုင်းနှင့်ပြည်နယ်များတွင် အဆိုပါနှုန်းထက် ဖြစ်ပွားမှု ပိုမိုများပြားနေကြာင်း ကျန်းမာရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

ရောဂါသည်များသည် ၄င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြငး်များလည်း မရှိဖြစ်နေသည့်အတွက် ၄င်းတို့ကို ပြောရန်အတွက် အသိပညာပေး ပြောကြားမှုများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံ ၁၄၅ နိုင်ငံမှာ စစ်တမ်းများအရ တစ်ကမ္ဘာလုံးတွင် အဆိုပါရောဂါဖြစ်ပွားသူသည် နှစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required