အနာကြီးရောဂါအတွက် ပြည်သူ့နီတိတွင် အသိပညာပေးထည့်သွင်း ဖော်ပြသွားရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

By မျိုးထွန်းနိုင်
12 December 2018
အနာကြီးရောဂါအတွက် ပြည်သူ့နီတိတွင် အသိပညာပေးထည့်သွင်း ဖော်ပြသွားရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဓာတ်ပုံ- Myanmar State Counsellor Office

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။           ။ အနာကြီးရောဂါနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်၏ မှားယွင်းသော အသိများကို ပြန်လည်တည့်မတ်ရန်အတွက် ပြည်သူ့နီတိတွင် အသိပညာပေးထည့်သွင်း ဖော်ပြသွားရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ခွဲခြားဆက်ဆံမှုပပျောက်ဖို့ ၀ိုင်းဝန်းလက်တွဲဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံ - ၂၀၁၈ ကို ဒီဇင်ဘာလ ၁၂ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ တွင်ကျင်းပစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်၍ အမှာစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအနက် အဓိက ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းမှာ အနာကြီး ရောဂါ ဖြစ်ပွားသူများနှင့် ယင်းတို့၏ မိသားစုဝင်များကို ခွဲခြားဆက်ဆံခြင်းများ လျော့နည်းပပျောက်သွား အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါတယ်။ ယခုကဲ့သို့ ခွဲခြားဆက်ဆံခံရမှုများကို ယနေ့အထိ တွေ့ရှိနေရပြီး အနာကြီးရောဂါဖြစ်ပွားသူ လူနာ၏ နေ့စဉ်ဘဝနေထိုင်မှုများ အပေါ် သက်ရောက်မှု ရှိနေသည့်အတွက် လူမှုရေး အမြင်များကို ပြန်လည်တည့်မတ်ပေးရန် ပြည်သူများ အတွင်း အနာကြီးရောဂါကူးစက်ပုံ၊ ဖြစ်ပွားပုံနှင့် ပတ်သက်သည့် မှန်ကန်သော အသိများ ရရှိအောင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် အနာကြီးရောဂါ မကူးစက်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး အသိများတိုးပွားလာအောင် ပညာပေးခြင်းဖြင့် အနာကြီးရောဂါဖြစ်ပွားသူနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လူမှုပတ်ဝန်းကျင်တွင် ပါဝင် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပြီး အနာကြီးရောဂါ လူနာ နှင့် မိသားစုဝင်များကို ခွဲခြားနှိမ့်ချဆက်ဆံခြင်းကြောင့် လူနာသစ်ရှာ ဖွေခြင်းအပါအဝင် ဆေးကုသမှု ပြီးဆုံး အောင် လိုက်နာခြင်းနှင့် ရောဂါ၏နောက်ဆက်တွဲ ပြဿနာများ ကုသခြင်းတို့ကို အဟန့်အတားဖြစ်စေပြီး လူထု အတွင်း ကူးစက်မှုတားဆီးရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် မှန်ကန်သော လူမှုရေးအမြင်ကို ရရှိအောင် ဆောင်ရွက်ကြရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“တာဝန်ရှိသူများအနေနဲ့ အနာကြီး ရောဂါလူနာနဲ့ သူတို့ရဲ့ မိသားစုဝင်များကို ခွဲခြားဆက်ဆံခံရမှုမရှိဘဲ ပြည်သူ လူထုက နားလည်လက်ခံပြီး လူ့အသိုင်းအဝိုင်းအတွင်း သိမ်ငယ်မှုမရှိဘဲ ပြန်လည်ဝင်ဆံ့လာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့က တာဝန်ရှိသူများနဲ့အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါတယ်။ အနာကြီးရောဂါနှင့်ပတ်သက်တဲ့ ပတ်ဝန်းကျင်၏ မှားယွင်းသော အသိများကို ပြန်လည်တည့်မတ်ဖို့အတွက် ပြည်သူ့နီတိမှာ အသိပညာပေးထည့်သွင်း ဖော်ပြသွားဖို့ လိုအပ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ - ၂၀၁၈ ကို ဒီဇင်ဘာ ၁၃ ရက် အထိ ကျင်းပ သွားမည်ဖြစ်ပြီး အနာကြီးရောဂါဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းကိုလည်း ထုတ်ပြန်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly