လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့တော့ ၀ါကျတစ်ခုနဲ့တစ်ခု ပုံစံတူအောင်ရေးတတ်ကြတာကို ဆွေးနွေးချင်ပါတယ်။

၀ါကျတစ်ခုနဲ့တစ်ခု ပုံစံတူအောင်ရေးရင် ပေးချင်တဲ့အကြောင်းအရာက ပိုပြီး ထိရောက်မြင်သာစေပါတယ်။ စာဖတ်သူကို ပိုပြီး အရသာခံစားလို့ ရစေပါတယ်။ လှလည်း လှသွားစေပါတယ်။ အထူးသဖြင့် ဥဒဟာရုဏ်ပေးပြီးပြောတဲ့စကားတွေမှာ အဲဒီလိုပုံစံတူဝါကျတွေရေးရင် စာဖတ်သူကို ရှင်းလင်းတိကျစွာ နားလည်နှစ်သက်စေပါတယ်။

ပုံစံတူဝါကျတွေဟာ တစ်ခုနဲ့တစ်ခု အရေးပါမှုချင်း ဟန်ချက်ညီနေတတ်ကြပါတယ်။ ပြေပြစ်မှုနဲ့ ထိရောက်မှုဟာ တစ်ခုနဲ့တစ်ခု အတူတူသဘောရှိပါတယ်။ ပြောချင်တဲ့အကြောင်းအရာချင်း အလေးအပေါ့ချင်းတူအောင်ပြောချင်တဲ့အခါ အဲသလို ပုံစံတူဝါကျတွေကို ရေးတတ်ကြပါတယ်။ ဥပမာ ပါရာယနဝတ္ထုထဲက စာပိုဒ်တစ်ပိုဒ်ကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က ကောက်နှုတ်ဖေါ်ပြထားတာကို လေ့လာကြည့်လို့ရပါတယ်။

-    လဘို့ကြီးသော ဥသဘကြီးအပါးတွင် ထိုနေ့မွေးသော နွားသူငယ်မျှသာတည်း။ မုန်သွင်သွင်ယိုသော ဆင်ပြောင်ကြီးအပါးတွင် ယနေ့မွေးလာသော ဆင်သူငယ်မျှသာတည်း။ ပြိုးပြိုးပျက်သောအရောင်ဖြင့် ဖါးဖါးကျသော လည်ဆံအမျှင်ဖြင့် တင့်တယ်စွာသော ကျောက်ကုန်းဖြင့်ရှိသော ကေသရာဇာခြင်္သေ့မင်း၏အပါး၌ အခြေလေးခုသားတို့ကို အယုတ်ဆုံးဖြစ်သော မြေခွေးမျှသာတည်း။ ယူဇနာ တစ်ရာ့ငါးဆယ်မျှလောက်သော မြောက်သော ကိုယ်အတိုင်းအရှည်ရှိသော ဂဠုန်မင်းအပါး၌ အတောင်ရှိသောငှက်တို့တွင် အယုတ်ဆုံးဖြစ်သော အတော်ဆိုးသော ကျီးသူငယ်မျှသာတည်း။

ဒီစာပိုဒ်က ဘုရားရှင်ကိုရန်မူလိုတဲ့ အာဠာဝကဘီလူးကို နတ်အပေါင်းက ၀ိုင်းဝန်းကဲ့ရဲ့ကြတဲ့အကြောင်း ရေးထားတဲ့စာပိုဒ်ပါပဲ။ ဘုရားရှင်နဲ့ အာဠာဝကဘီလူးတို့ဟာ ဂုဏ်ချင်းမနှိုင်းယှဉ်သာအောင်ခြားနားတဲ့အကြောင်း ရေးထားတာပါပဲ။ ပုံစံတူဝါကျတွေနဲ့ တစ်ချက်ချင်းတစ်ချက်ချင်း ယှဉ်ကာယှဉ်ကာ ဖေါ်ပြထားတဲ့စာပိုဒ်ပါပဲ။
]
ဘုရားရှင်နဲ့ အာဠာဝကဘီလူးဟာ နွားလားဥသဘနဲ့ မွေးကင်းစနွားသူငယ်၊ ဆင်ပြောင်ကြီးနဲ့ ဆင်သူငယ်၊ ကေသရာဇာခြင်္သေ့မင်းနဲ့ မြေခွေး။ ဂဠုန်မင်းနဲ့ ကျီးသူငယ်တို့ပမာ အသီးသီး ခြားနားလှတဲ့အကြောင်း ထပ်ကာထပ်ကာ ယှဉ်ပြထားတာပါပဲ။ ဂုဏ်ချင်းခြားနားရချင်းအကြောင်းကိုပဲ ၀ါကျလေးကြောင်းစလုံးက ဖေါ်ပြလိုတာမို့ ၀ါကျတိုင်းဟာ ဆိုလိုချက်သဘောချင်းအတူတူပါပဲ။ သဘောချင်းအတူတူကိုပဲ ဖေါ်ပြတာဖြစ်လို့ ၀ါကျချင်းလည်း ပုံစံတူရခြင်း ဖြစ်ဟန်တူပါတယ်။ ၀ါကျလေးခုစလုံးရဲ့အလယ်ပိုင်းမှာ “အပါးတွင် သို့မဟုတ် အပါး၌” ဆိုတဲ့စကားထားပြီးရေးပုံ၊ ဥသဘကြီးနဲ့နွားသူငယ်၊ ဆင်ပြောင်ကြီးနဲ့ဆင်သူငယ်၊ ခြသေ့င်္မင်းနဲ့မြေခွေး၊ ဂဠုန်နဲ့ ကျီးကန်းတို့ကို ပုံမှန်ထည့်ရေးထားပုံ၊ ၀ါကျတိုင်း “မျှသာနည်း”နဲ့ အဆုံးသပ်ထားတာမို့ ၀ါကျတစ်ခုနဲ့တစ်ခု ပုံစံတူပြိီး တစ်ကြောင်းနဲ့တစ်ကြောင်း အလေးအပေါ့ ဟန်ချက်ညီသွားရခြင်းဖြစ်တယ်လို့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က သုံးသပ်ပြပါတယ်။

နောက်ထပ် ဥပမာတစ်ခု ဆက်ပြီးကြည့်ကြရအောင်ပါ။ ဒီနေရာမှာလည်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ ဥပမာပေးချက်နဲ့ပဲ ဆက်ပြီးရှင်းပြပါရစေ။

-    ကံကြမ္မာ၏ဝှေ့ယမ်းခြင်းကိုခံ၍ မနေကြနှင့်။ ကံသည်လာ၏။ ခံ၍နေလျင်ခံရ၏။ မြင်၍ရှောင်လျင် လွတ်၏။ ဖမ်း၍ အသုံးပြုတတ်လျင် အကျိုးရှိ၏ သို့ဖြစ်၍ ကမ္ဘာ့အလင်းကို ရသောသူသည် မိမိအား မကောင်းကျိုးပြုရန်လာသော ကံကြမ္မာကိုပင် ဖမ်း၍ ကောင်းကျိုးကိုပေးစေရန် ခိုင်းစေ၏။ အကြောင်းမူကား ကံသည် ဘုရားမဟုတ်။ ကံသည် သိကြားမဟုတ်။ ကံသည် နတ်မဟုတ်။ တိုတိုတုတ်တုတ် ပြောရမည်ဆိုလျင် ကံသည် အဝိညာဏကဖြစ်၏။ သင်းလုပ်တိုင်း ခံရမည်လား။ ထိုကံကိုနိုင်သောလက်နက်သည် ကမ္ဘာ့အလင်းဖြစ်၏။

ဒီစာပိုဒ်က ကံကြမ္မာရဲ့ဝှေ့ယမ်းခြင်းကို ကမ္ဘာ့အလင်းကို လေ့လာခြင်းဖြင့် ကမ္ဘာ့အလင်းအတိုင်း ဆောင်ရွက်ခြင်းဖြင့် တွန်းလှန်နိုင်ကြောင်း အားပေးစကား ပြောထားခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ “ခံ၍နေလျင်ခံရ၏။ မြင်၍ရှောင်လျင် လွတ်၏။ ဖမ်း၍ အသုံးပြုတတ်လျင် အကျိုးရှိ၏ ” ဆိုတဲ့ဝါကျတွေနဲ့ “ကံသည် ဘုရားမဟုတ်။ ကံသည် သိကြားမဟုတ်။ ကံသည် နတ်မဟုတ်။” ၀ါကျတွေဟာ စာရေးသူက အလေးအနက်ထားပြောချင်တဲ့အချက်တွေဖြစ်တာမို့ အလေးအပေါ့ တူညီတဲ့ဝါကျတွေ ပုံစံတူဝါကျတွေကို ဟန်ချက်ညီညီရေးထားတာ တွေ့ကြရမှာပါ။

ဒီနေရာမှာ အထူးသတိပေးလိုတဲ့အချက်ရှိပါတယ်။ အခု ဥပမာပေးခဲ့တဲ့ ၀ါကျတွေဟာ စာရေးသူက သူအထူးပြု သိစေလိုတဲ့အချက်ကို စာဖတ်သူက စိတ်ထဲစွဲသွားအောင် ဟန်ချက်ညီဝါကျတွေ၊ ပုံစံတူဝါကျတွေ၊ အလေးအပေါ့တူ ၀ါကျတွေကို အသုံးပြုသွားတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလိုရေးနည်းက
ကျွမ်းကျင်တဲ့စာရေးသသူများသာ ရေးလေ့ရှိကြပြီး အခါအားလျော်စွာ လိုအပ်မှသာ ရေးဖို့သင့်တဲ့ ရေးနည်းတွေပါပဲ။ မလိုအပ်ဘဲ အံဝင်ခွင်ကျမဟုတ်ဘဲ ပုံစံတူဝါကျတွေ ဟန်ချက်ညီဝါကျတွေချည်းသာ ထပ်ကာတလဲလဲရေးမယ်ဆိုရင်တော့ ဖတ်လို့မကောင်းတဲ့အပြင် လူရယ်စရာဖြစ်လောက်အောင်အထိ ဖြစ်သွားစေမှာအမှန်ပါပဲ။ ဒါကြောင့်မို့ ဒီရေးနည်းဟာ အမြဲတန်းထပ်ကာတလဲလဲ ရေးလို့မဖြစ်နိုင်ကြောင်းနဲ့ လိုအပ်မှာရေးသင့်ကြောင်းနဲ့ ရေးနည်းကျွမ်းကျင်သူဖြစ်ဖို့လိုအပ်ကြောင်းကိုတော့ သတိပေးလိုက်ပါတယ်။

နောက်နေ့တွေမှာ ဆက်ကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly