လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ပြီးခဲ့တဲ့ ဆွေးနွေးချက်တွေမှာ စာပိုဒ်တစ်ခုမှာ ဦးဆောင်ဝါကျ ပါလေ့ရှိတတ်ကြောင်း၊ အဲဒီ ဦးဆောင်ဝါကျဟာ စာပိုဒ်ရဲ့ အစဦး၊ အလယ်တနေရာရာနဲ့ နောက်ဆုံးစာကြောင်းအဖြစ် နေရာယူလေ့ရှိကြောင်း၊ ဦးဆောင်ဝါကျမပါတဲ့ စာပိုဒ်များလည်း ရှိကြောင်း ကျနော်ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့တော့ စာပိုဒ်တစ်ခုရဲ့အလယ်ကိုယ်ထည်အကြောင်း ဆက်ပြီးဆွေးနွေးချင်ပါတယ်။

စာပိုဒ်ရဲ့ ကိုယ်ထည်ပိုင်းဆိုတာက အဲဒီစာပိုဒ်မှာပါရှိတဲ့ ဦးဆောင်ဝါကျကို အသေးစိပ်အချက်အလက်များနဲ့ အထောက်အကူပြု ဖြည့်ဆည်းပေးတဲ့အလုပ်ကိုလုပ်ရပါတယ်။ ဦးဆောင်ဝါကျဆိုတာက အဆိုတစ်ခုကို အကျဉ်းချုပ် ခြုံငုံပြီးမှရေးတဲ့ဝါကျဖြစ်တော့ကာ အဲဒီအဆို အဲဒီဝါကျဟာ ဒီအချက် ဒီအင်္ဂ ါရပ်တွေနဲ့ညီတဲ့အကြောင်း အချက်အလက်အသေးစိပ်နဲ့ ဖြည့်ဆီးပေးတဲ့အပိုင်းဟာ စာပိုဒ်ရဲ့ကိုယ်ထည်ပါပဲ။

အခုကျနော်ပြောနေတာဟာ စာဟန်ပေဟန်အသုံးအနှုန်း စာတတန်ပေတတန်ရေးပြီးပြောနေလို့သာ ခက်တယ်လို့ထင်ရပေမယ့် တကယ်တော့ ခက်ခဲရှုပ်ထွေးလှတဲ့အပိုင်းတော့ မဟုတ်ပါဘူး။

ဥပမာအနေနဲ့ပြောရရင် ခင်ဗျားတို့ဟာ စာပိုဒ်တစ်ပို်ဒ်မှာ “ကျနော်တို့မြို့ကလေးဟာ သာယာလှပပါတယ်”ဆိုပြီး ဦးဆောင်ဝါကျနဲ့စထားတယ်ဆိုပါစို့။ အဲဒီအစဝါကျနောက်ကလိုက်လာတဲ့ ၀ါကျတွေ သို့မဟုတ် ကိုယ်ထည်ပိုင်းက ဘာကိုရေးရသလဲဆိုတော့ ဦးဆောင်ဝါကျက ဆိုထားတဲ့အကြောင်းအရာ သို့မဟုတ် သာယာလှပတဲ့မြို့ကလေးဟာ ဘယ်အချက်ဘယ်အချက်တွေကြောင့် သာယာလှပတယ်လို့ ပြောရခြင်းဖြစ်ကြောင်း အချက်အလက်တွေနဲ့ ရှင်းပြ သက်သေပြရတဲ့အပိုင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဦးဆောင်ဝါကျ အကျဉ်းချုပ်ဖေါ်ပြတဲ့အကြောင်းအရာကို အသေးစိပ်မြင်သာအောင် သိအောင် ရှင်းပြရတဲ့အပိုင်းဖြစ်ပါတယ်။ ဦးဆောင်ဝါကျကို အားဖြည့်တဲ့အပိုင်းပါပဲ။

ပိုပြီးရှင်းလင်းအောင်ပြောရမယ်ဆိုရင် ဥပမာ ကျနော်တို့ရွာကလေးအကြောင်း ရေးတယ်ဆိုပါစို့။ စာပိုဒ်ရဲ့ဦးဆောင်ဝါကျက “ ကျနော်တို့ရွာကလေးဟာ သာယာလွန်းပါတယ်” လို့ဆိုပြီး ရှေ့က ဦးဆောင်ပြီး နိဒါန်းပျိုးရပါလိမ့်မယ်။ နောက်တော့မှ ရွာကလေးဟာ စစ်တောင်းမြစ်ဘေးမှာရှိတဲ့အကြောင်း၊ ကိုင်းခုံတွေ စိုက်ခင်းတွေက ၀ိုင်းထားတဲ့အကြောင်း၊ အင်မတန်သပ္ပါယ်ဖွယ်ကောင်းတဲ့ရွာဦးစေတီနဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းရှိတဲ့အကြောင်း၊ ရွာ မူလတန်းကျောင်းကလေးက စာအံသံတွေဟာ ရွာကလေးရဲ့သာယာမှုကို ပိုပြီးထင်ရှားစေကြောင်း၊ အလှူပွဲလမ်းရှိတဲ့အခါ ရွာက ကာလသားကာလသမီးတွေဟာ ကိုယ့်အိမ်စီးပွားရေးကိုတောင် ပစ်ချထားပြီး အချိန်ပြည့်ဝါဝင်ကူညီဆောင်ရွက်တတ်ကြတဲ့အကြောင်း၊ ရွာကလေးမှာ အိ်မ်ခြေဦးရေ တစ်ရာကျော်ရှိကြောင်း၊ ရေတွင်းနဲ့ အဝီစိတွင်းတွေလည်း ရှိကြောင်း၊ အစရှိသဖြင့် ရွာကလေး အေးချမ်းမှုကို အဲဒိလိုအချက်အလက်တွေနဲ့ပြပြီး ဦးဆောင်ဝါကျဆိုထားတဲ့အဆိုကို မှန်ကန်ကြောင်းအားဖြည့် ဖြည့်ဆည်းပေးတဲ့ ၀ါကျတွေနဲ့ ဖွဲ့စည်းထားတာဟာ စာပိုဒ်ရဲ့ကိုယ်ထည်ပါပဲ။

တကယ်တော့ ဦးဆောင်ဝါကျဆိုတာက ယေဘုယျခြုံငုံပြီးသာပြောဆိုတဲ့အဆိုတစ်ခုပါပဲ။ ဒီအဆိုဟာ တကယ်ကောဟုတ်ရဲ့လား ဘယ်လိုအချက်အလက်တွေကြောင့် ဒီအဆိုကို ပြောနိုင်ရတာလဲ။ ဦးဆောင်ဝါကျကပြောသလို ဒီရွာကလေးဟာ ဘယ်လိုအချက်အလက်တွေကြောင့် သာယာတယ်လို့ပြောနိုင်တာလဲဆိုတဲ့ မေးခွန်းတွေ မေးလာလို့ရတဲ့ ဦးဆောင်ဝကျဖြစ်တာမို့ ဒီအဆိုကြောင့်ဖြစ်လာရတဲ့မေးခွန်းတွေကို အချက်အလက် သက်သေသက္ကာယနဲ့တကွ ပြန်ဖြေတဲ့အလုပ်ကို စာပိုဒ်ရဲ့ကိုယ်ထည်က ဆောင်ရွက်တဲ့သဘောပါပဲ။

စာပိုဒ်ရဲ့ကိုယ်ထည်ပိုင်းက အဲသလိုအချက်အလက်တွေ ဝေဝေဆာဆာ ပြည်စုံအောင်ဖြည့်ဆည်းပေးတာတော့ ဟုတ်ပါပြီ။ အထူးသတိထားရမယ့်အချက်က အဲဒီအချက်အလက်တွေကို ချရေးတဲ့အခါမှာ တစ်ခုနဲ့တစ်ခု အဆက်အစပ်ပြေပြစ်ဖို့လိုပါတယ်။ အနေအထားမှန်ရပါမယ်။ စာပိုဒ်တစ်ခုလည်း စည်းစည်းလုံးလုံး ရှိရပါမယ်။ ဒါမှသာ စာဖတ်သူက ရှင်းရှင်းလင်းလင်း သိသိသာသာ နားလည်ခံစားလို့ရမှာဖြစ်ပါတယ်။

ကဲ ဒါဆိုရင် “နိဂုံးဝါကျ” ဆိုတာကို ဆက်သွားကြရအောင်ပါ။

“နိဂုံးဝါကျ”ဆိုတာကတော့ စာပိုဒ်ရဲနောက်ဆုံးဝါကျလည်းဖြစ်ပြန် စာပိုဒ်ရဲ့ဆိုလိုချက်ကို ထပ်ပြောဖို့မလိုတော့လို့ နိဂုံးချုပ်ပစ်ရတဲ့ ၀ါကျပါပဲ။
ဒီနေရာမှာ ဖြန့်ကျက်ပြီးသိရမယ့်အချက်က စာပိုဒ်တချို့မှာ ဦးဆောင်ဝါကျကကို စာပိုဒ်ရဲ့နောက်ဆုံးမှာနေရာယူချင် ထားချင်တယ်ဆိုရင်တော့ အဲဒီစာပိုဒ်မှာ နဂုံးဝါကျရယ်လို့ သပ်သပ်မလိုတော့တဲ့အချက်ပါပဲ။ ဘာပြုလို့လည်းဆိုတော့ ဒိီစာပိုဒ်ကို အချက်အလက်ပြည့်စုံအောင်ဖေါ်ပြတဲ့အလုပ်ပြီးစီးသွားပြိိီဖြစ်တာမို့ အဲဒိီ အချက်အလက်တွေကိုပြန်ပြိီးစုစည်းချင်တဲ့အခါ စာရေးသူက သူ့စေတနာ သူ့ခံစားချက်နဲ့ဖြည့်စွက်ဖေါ်ပြချင်တဲ့အခါမှသာဦးဆောင်ဝါကျကို နိဂုံးချုပ်နေရာမှာမထားတော့ဘဲ နိဂုံးချုပ်ဝါက သပ်သပ်နဲ့ စာပိုဒ်ကို အဆုံးသပ်တဲ့သဘောပါပဲ။ အဲဒိီအချက်တွေမလိုအပ်ဘူးထင်ရင် ဦးဆောင်ဝါကျနဲ့ပဲ နိဂုံးချုပ်လို့ရပါတယ်။

ဒီနေရာမှာ စာပိုဒ်တိုင်းဟာ နိဂုံးဝါကျ ပါရှိချင်မှပါသည်ဆိုတဲ့အချက်ကိုလည်း အထူးသတိပြုသင့်ပါသည်။ နိဂုံးဝါကျဟာ နောက်ထပ်စာပိုဒ်မှာဖေါ်ပြမယ့်အချက်အလက်များအတွက် အရိပ်နိမိတ်ပြတဲ့သဘောသက်ဝင်တဲ့ ၀ါကျမျိုးတွေနဲ့လည်း စာပိုဒ်ကို နိဂုံးချုပ်တတ်ပါတယ်။

ကဲ ဒီအပိုင်းကိုတော့ နောက်နေ့တွေမှာဆက်ပြီးဆွေးနွေးပါ့မယ်။

မနက်ဖြန်မှာ ပြန်ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly