ဖိုးသော် ပျိုးထောင်လျက်ရှိသော မြန်မာ့မျိုးဆက်သစ် ကိုယ်ခံပညာကစားသမားများ

ဖိုးသော် ပျိုးထောင်လျက်ရှိသော မြန်မာ့မျိုးဆက်သစ် ကိုယ်ခံပညာကစားသမားများ

ဖိုးသော်သည် မြန်မာ့ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ဖွံ့ဖြိုးရေးအတွက် လူအများထင်မြင်သည်ထက် ပို၍ ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်သားဖိုးသော်သည် ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ၎င်း၏ အိမ်မက်ဖြစ်သော ONE ကမ္ဘာ့ချန်ပီယံခါးပတ််ကိုရရှိရန် ကြိုစားနေသူဖြစ်သည်။

ထို့အပြင် ဖိုးသော်အနေဖြင့် နောင်အနာဂတ်တွင် ၎င်း၏နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မည့် မျိုးဆက်သစ်ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများကိုလည်း ပျိုးထောင်ပေးလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ဖိုးသော်သည် ရန်ကုန်မြို့တစ်ခုလုံးကို အပေါ်စီးကနေမြင့်တွေနိုင်သော အဆောက်အအုံ၏ ခြောက်လွှာတွင် Team PT အမည်ရှိ အလတ်စားအားကစားခန်းမတစ်ခုကို  ဖွင့်လှစ်ခဲ့သည်။

ဤအားကစားခန်းမသည် ဖိုးသော်နေထိုင်ရာနေရာလည်းဖြစ်သလို၊ လက်ဝှေ့ကျင့်သော သဲအိတ်များ၊ သင်ယူလိုစိတ်ပြင်းထန်သော အားကစားသမားများနှင့် အပြင်းအထန် ကြိုးစားနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

“ဒါက  မြန််မာနိုင်ငံမှာ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားရုံ ဖြစ်ပါတယ်။” ဟု ဖိုးသော်က ဆိုသည်။

“ကျွန်တော်တို့တုန်းက အမှားတွေ အများကြီးလုပ်မိပြီး၊ အတွေ့အကြုံသစ်တွေကနေ သင်ယူခဲ့ရတယ်။ နောက်မျိုးဆက်တွေကတော့ ကျွန်တော်တို့ထက် ကံကောင်းပါတယ်။” ဟု ၎င်းကဆိုသည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော ဖိိုးသော်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို မြန်မာနိုင်ငံတွင် ပထမဆုံးကစားသူတစ်ယောက်ဖြစ်ပြီး ရှေ့ဆောင်လမ်းပြသူ မရှိခဲ့ပေ။ မိမိ၏တစ်ဖွဲ့သားလုံး အောင်မြင်မှုရရှိစေရန် ဆုံးဖြတ်ချက်ခိုင်မာစွာချမှတ်ထားခြင်းကပင် ဖိုးသော်ကို လမ်းပြပေးခဲ့ခြင်းဖြစ်သည်။

“ဖိုးသော်က ကျွန်တော်ကို ဘယ်လိုလေ့ကျင့််ရမယ်ဆိုတာအပြင် ဘယ်လို နေထိုင်ရမလဲဆိုတာပါ တစ်ချိန်လုံး သင်ပေးပါတယ်” ဟု Team PT အဖွဲ့သား စိုင်းဉာဏ်လင်းက ဆိုသည်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သော စိုင်းဉာဏ်လင်းသည် နိုင်ငံတကာအတွေ့အကြုံရှိသူဖြစ်ကာ ၂၀၁၇ ခုနှစ်က ကွာလာလမ်ပူတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး၏ ကရာတေးအားကစားပြိုင်ပွဲတွင် နံပါတ်လေးနေရာကို ရရှိခဲ့သည်။

စိုင်းဉာဏ်လင်းသည် ONE ကိုယ်ခံပညာကစားသမားဖြစ်လိုသော ၎င်း၏အိမ်မက်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအရှေ့ဘက်နယ်နိမိတ်ရှိ ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ ဖိုးသော်ထံသို့ ရောက်လာခဲ့သည်။

၎င်းသည် ONE Warrior Series ပြိုင်ပွဲကြီး၏ ပထမပွဲစဉ် ၂ ခုကို ယှဉ်ပြိုင်ခဲ့ရာ ၂ ပွဲလုံး ရှုံးနိမ့်ထားသည်။ ပထမတွဲဆိုင်းတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဒုတိယတွဲဆိုင်းတွင် မေးသိုင်းချုပ်ကွက်ဖြင့် အရှုံးပေးခဲ့ရသည်။

ရှုံးနိမ့်ခြင်းသည် ခါးသီးသော်လည်း စိုင်းဉာဏ်လင်းအဖို့ ထိုရှုံးနိမ့်မှုများကပင် ၎င်း၏ အားနည်းချက်များကို အာရုံစိုက်မိလာစေခဲ့သည်။

“အခု  ကျွန်တော် မြေပြင်ကစားကွက်တွေကို ပိုပြီးလေ့ကျင့်နေပါတယ်။” ဟု ၎င်းကဆိုသည်။

“ကျွန်တော် နောက်လာမယ့် ပြိုင်ပွဲအတွက် အဆင်သင့်ပြင်ဆင်ပြီးစောင့်နေပါတယ်။ ကျွန်တော် အသင့်စောင့်နေတာပါ။ တတိယပွဲကတော့ ကံကောင်းမှာပါ။” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဖိုးသော်သည် ၂၉ နှစ်ရှိပြီဖြစ်သော ကိုကိုအောင်ကဲ့သို့ နိုင်ငံတကာအဆင့်မီ နပန်နည်းပြများကို ၎င်း၏ အားကစားရုံသို့ ဖိတ်ခေါ်သွားရန် အစီအစဉ်ရှိသည်။ ကိုကိုအောင်သည် ၎င်း၏ အားကစားရုံတွင် နည်းပြအဖြစ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် Team PT အဖွဲ့ဝင်ဖြစ်သူ ၂၄ နှစ်အရွယ်ရှိပြီဖြစ်သည့်  Ehl Ehl သည်လည်း လက်ဝှေ့ပြိုင်ပွဲတွင် ၄ ပွဲနိုင် ၄ပွဲ သရေဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ဝင်ရောက်လာခဲ့သည်။

Ehl Ehl သည် ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်မှ လာရောက်သူဖြစ်ပြီး ဤအားကစားရုံတွင် သင်တန်းသူဖြစ်သလို နည်းပြအဖြစ်ပါ ဆောင်ရွက်နေသူဖြစ်သည်။

“နောင်ကျရင် ကျွန်မ ကြိုးဝိုင်းထဲမှာ မြန်မာအလံနဲ့ ကရင်အလံအတွက် ကိုယ်စားပြု ရင်ဆိုင်ယှဉ်ပြိုင်သွားမှာပါ။ မြန်မာနိုင်ငံနဲ့ ကရင်ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်တဲ့ မြန်မာ့ကိုယ်ခံပညာသိုင်းပေါင်းစုံ အမျိုးသမီးကစားသမားတစ်ဦးအဖြစ် အောင်မြင်အောင်ကြိုးစားသွားမှာပါ။” ဟု ၎င်းက ဆိုသည်။  

နောင်လာမည့်နှစ်တွင် ထိုကစားသမားလူငယ်များသည် အောင်နိုင်မှုရရှိရန် အပြင်းအထန် ကြိုးစားလေ့ကျင့်သွားကြမည်ဖြစ်သည်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ၎င်းတို့သည် မြန်မာ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ဖွံ့ဖြိုးရေးအတွက် ကြိုးစားလျက်ရှိသော မျိုးဆက်သစ်ကစားသမားများဖြစ်ပေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required