အတိုက်အခံ ရာပေါင်းများစွာကို ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်

အတိုက်အခံ ရာပေါင်းများစွာကို ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်

ဒါကာ၊ ဒီဇင်ဘာ ၁၁ ။            ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အတွက် အတိုက်အခံ ကိုယ်စားလှယ်လောင်းမရှိသလို ရာပေါင်းများစွာကိုလည်း ဖမ်းဆီးထားပြီးမှ နှစ်ကုန်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို တနင်္လာနေ့မှာ စတင်ပြုလုပ်နေပါတယ်။

တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ရပ်တည်ချက်ဟာ သူ့အာဏာအတွက်နဲ့ ပတ်သက်ရင် ဒီမိုကရေစီစံတွေကိုပါ မျက်ကွယ်ပြုတယ်လို့ စွပ်စွဲမှုတွေ ရှိနေချိန်မှာပဲ ဒီဇင်ဘာ ၃၀ မှာ ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဟာစီနာရဲ့ Awami League ပါတီနဲ့ မိတ်ဖက်တွေ ဒါမှမဟုတ် ရဲတွေရဲ့ တင်းကြပ်မှုတွေကြားမှာ မလှုပ်သာ မကန်သာ ရှိနေတဲ့ အတိုက်အခံကို မဲပေးပိုင်ခွင့်ရှိတဲ့ မှတ်ပုံတင်ထားသူ ပြည်သူဦးရေဟာ သန်း ၁၀၀ ကျော် ရှိနေပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ စတင်ချိန်မှာပဲ ကိုယ်စားလှယ်လောင်းတွေဟာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေကြပါတယ်။

ရှိတ်ဟာစီနာဟာ လေးကြိမ်မြောက် သက်တမ်းတော့ ရွေးကောက်ခံရမှာမဟုတ်ဘူးလို့ မျှော်လင့်ထားတဲ့ Bangladesh Nationalist Party BNP ပါတီဟာ ၎င်းတို့ကို ထောက်ခံကြတဲ့ လူပေါင်း ၂၀၀၀ လောက်နီးပါး အဖမ်းခံထားရကြောင်း ပြောပါတယ်။

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကြေညာချိန်ကစတင်ပြီး ကိုယ်စားလှယ်လောင်းတွေ အပါအဝင် လူများစွာကို ဖမ်းဆီးထားတာဟာ ခို်င်လုံတဲ့ ဖမ်းဝရမ်းအရဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံတွေကတော့ ဟာစီနာနဲ့ သူ့ပါတီဟာ ပြိုင်ဖက်တွေကို မလှုပ်နိုင်အောင် လုပ်တာဖြစ်ပြီး မဲပေးပြည်သူတွေကိုလည်း ကြောက်စိတ်ဝင်အောင် လုပ်ဆောင်တာပဲလို့ ပြောဆိုကြပါတယ်။

“အစိုးရဟာ တစ်ဖက်စောင်းနင်း ရွေးကောက်ပွဲကို ကျင်းပလိုတာဖြစ်ပြီး ပြည်သူတွေကြားမှာလည်း ဒီလို ဖမ်းဆီးမှုတွေကြောင့် အကြောက်တရား ဖြစ်ပေါ်စေအောင် လုပ်တာပဲ။”လို့ BNP ပါတီ ပြောခွင့်ရသူ ရစ်ဇ်ဗီအာမတ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required