၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ထိုင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်

၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ထိုင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်

ဒီဇင်ဘာ ၁၁ ။            ။ အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာနေခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကိုတော့ လာမယ့်နှစ် ၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပသွားမှာဖြစ်ကြောင်း ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံမှာ နိုင်ငံရေး စည်းရုံးလှုံ့ဆော်လှုပ်ရှားမှုတွေအပေါ် စစ်အစိုးရဘက်က ပိတ်ပင်တားမြစ်ထားမှုကိုလည်း ယင်းနေ့မှာပဲ တရားဝင် ပြန်လည် ရုတ်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ထိုင်း အစိုးရကတော့ ၂၀၁၄ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက နိုင်ငံမှာ နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုတွေအပေါ် ပိတ်ပင်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။

ယခုအချိန်ကနေစလို့ နိုင်ငံရေး ပါတီတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၂၄ ရွေးကောက်ပွဲမတိုင်ခင် လွတ်လပ်စွာ စတင် စည်းရုံးလှုံ့ဆော်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းစစ်အစိုးရက ပြောသွားပါတယ်။

ထိုင်းမှာတော့ ဒီမိုကရေစီ ပြန်လည် ရရှိအောင် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါကြောင်း စစ်အစိုးရက အမြဲ အခိုင်အမာ ပြောထားခဲ့ပါတယ်။

သို့သော်လည်းပဲ ယခုမတိုင်ခင်တုန်းကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်တွေကို အကြိမ်ကြိမ် ရွေ့ဆိုင်းနောက်ဆုတ်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ ထိုင်းစစ်အစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၁၄ မှာ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ အစိုးရကို ဖြုတ်ချပြီး အာဏာရယူထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required