အနာဂတ် ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဘယ်သို့ရှိမလဲ အပိုင်း ( ၂ - နိဂုံးပိုင်း )

By ကိုမျိုးသန့်(မဇ္စျိမ)
11 December 2018
အနာဂတ် ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဘယ်သို့ရှိမလဲ အပိုင်း ( ၂ - နိဂုံးပိုင်း )

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။   ABSDF  ဗဟိုဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ရဲဘော် မိဆူးပွင့် နဲ့  တွေ့ဆုံဆွေးနွေးမှု နိဂုံးပိုင်းမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှု အားနည်းနေတဲ့ အကျိုးဆက်တွေနဲ့ ဘယ်လိုပြုပြင်ဆောင်ရွက်သင့်သလဲဆိုတာနဲ့ ပတ်သက်တာတွေ၊ gender equality နဲ့ပတ်သက်တာတွေနဲ့ မီဒီယာ အခန်းကဏ္ဍတွေကို ဆွေးနွေးထားပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မေးရရင် ဆရာမလည်း ABSDF မှာ တာဝန်ထမ်းခဲ့တယ်။   ဗဟိုဦးဆောင်ကော်မတီဝင်လည်း ဖြစ်တယ်ပေါ့နော်။ ပြီးလို့ရှိရင် UPDJC ရဲ့ ပူးတွဲကော်မတီဝင်လည်း ဖြစ်တဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှုနည်းတယ်။ ဒါကတော့ သေချာတယ် ကျွန်တော်တို့ ငြင်းချက် ထုတ်လို့မရဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ side effect က ဘာဖြစ်လာမလဲ၊   ပထမပိုင်းမှာ ပြောခဲ့တာက တိုက်ပွဲတွေဖြစ်တယ်ဆိုရင် အမျိုးသားတွေက ဦးဆောင်လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ထိခိုက်ခံစားရတာတော့ အမျိုးသမီးတွေ။ အခုငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အမျိုးသမီးတွေပါဝင်မှု နည်းတဲ့အခါကျတော့ ငြိမ်းချမ်းရေးရဖို့ အတွက် ကြိုးစားတဲ့အခါမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းတဲ့အခါကျတော့ အဲ့ဒီ side effect ပေါ့နော်။ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ။ ။ အမျိုးသမီးတွေ ပါဝင်မှု အားနည်းတာရယ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးဆောင်နေတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေပေါ့ ဒီလူ ဒီလူတွေပဲ ဖြစ်လာတဲ့အခါကျတော့ အိုင်ဒီယာတွေက အစလည်း ဒါတွေ ဒါတွေပေါ့နော် ဒီထဲကနေပဲ ဖြစ်လာတဲ့အပေါ်မှာ ကြာလာရင် လူထုအနေနဲ့ ငြီးငွေ့ စိတ်ပျက်မှုတွေ ပိုဖြစ်လာမယ်။ ဒီလူပြောရင် ဘာပဲပြောမယ်၊ ဟိုလူပြောရင်တော့ ဘာပြောမယ်ဆိုတဲ့ဟာမျိုးပေါ့။ တတ်အပ်လူတွေက ကောက်ချက်ချလိုက်ပြီ၊ လေးငါးနှစ်အတွင်းမှာ မြင်ပြီးကြည့်ပြီးတော့ အဲဒီလိုမျိုးအနေအထား။ နောက်တစ်ခုက မတူကွဲပြားတဲ့ အမြင်ပေါ့။ အမျိုးသမီးရယ် အမျိုးသားရယ် ဆိုတဲ့အမြင်မှာ တစ်ချို့ကလည်း ပြောပါတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ပါနေတယ်တဲ့၊ အမျိုးသမီးတစ်ဦးပေါ့နော်၊ ဘာပဲပြောပြော ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူက ထိန်းညှိပေးနေတဲ့ အခြေအနေကပဲ သူဦးဆောင်နေတာလို့ ကျွန်မတို့မြင်တယ်၊ ဆိုတော့ အဲ့ဒီအနေအထားမှာ ဒီနှစ်ဦးနှစ်ဖက် dialogue  တွေပေါ့နော်၊ negotiation  တွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ များများပါလာပြီးတော့ ဒါက တစ်ဖက်တည်းမှာ ပါဖို့မဟုတ်ဘူး။ တပ်မတော်ဘက်ကလည်း အမျိုးသမီးတွေ ပါလာနိုင်သလား၊ ကြိုးစားပါ၊ EO တွေဘက်ကလည်း ကြိုးစားပါ၊ အစိုးရလွှတ်တော် တပ်မတော်အစိုးရ အစုအဖွဲ့ကလည်း ဒီလို အမျိုးသမီးတွေပါလာအောင် ကြိုးစားပြီးတော့ အမျိုးသမီးတွေ ပါဝင်လာတဲ့ dialogue က နည်းနည်း အပြောင်းအလဲတွေ ပိုရှိမလားပေါ့နော်။ တွေးတာ ခေါ်တာတွေက နည်းနည်းလေး ကွာခြားတာတွေ ဖြစ်မလား။ နောက်တစ်ခုက အမျိုးသမီးနဲ့ အမျိုးသား တွေးခေါ်မျှော်မြင်မှုတွေ မတူတဲ့အပေါ်မှာ နည်းနည်း လမ်းကြောင်းအသစ်လေးတွေပေါ့နော် ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းအသစ်ကလေးတွေ ပိုပြီးတော့များ ဖြစ်လာမလား ဆိုတာမျိုးတော့ ကျွန်မတို့က မျှော်လင့်တယ်၊ ဆိုတော့ ဒါပေမယ့်လည်း ခုနကလိုပဲ ဒီအပေါ်မှာကတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့သူတွေရဲ့ ယုံကြည်မှုပေါ့နော်၊ နောက်နိုင်ငံရေး ဆန္ဒရှိမှုတွေ အပေါ်မှာပဲ အဓိက ပိုပြီးတော့ ကျနေပါတယ်။

မေး။ ။   ဒီငြိမ်းချမ်းရေးဖြစ်စဉ် အပြင်ပေါ့။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပြန်ကြည့်မယ်ဆိုရင် လွှတ်တော်က အခုဆိုသက်တမ်း  နှစ်ခုတော့ ဖြစ်သွားပြီပေါ့နော်။ ဒါပေမယ့်လည်း အမျိုးသမီးတွေ ပါဝင်မှုအားကတော့ အင်မတန်မှ နည်းနေသေးတာကို တွေ့ရပါတယ်။ အခုဆိုလို့ရှိရင် ကြားဖြတ်ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းက အင်မတန်မှ ရှားပါးတယ်။ ပါတီအနေနဲ့ကတော့ ဆရာမ ခုနပြောသလိုပဲ ကျွန်တော်တို့ အမျိုးသမီးဦးစားပေးမယ်၊ ကလေးသူငယ်အရေး လူငယ်အရေး ဦးစားပေးမယ်၊ ဒါပေမယ့် မူဝါဒက ရှိတယ်ပေါ့နော်၊ ပေါ်လစီဆိုတာ စာရွက်ထဲမှာပဲရှိတယ်၊ တကယ်လက်တွေ့ကျတော့ ဖြစ်လာတာ မရှိဘူး။   ဒါပေမယ့် အမျိုးသမီး ပါဝင်မှုအားက   တစ်ဆယ်ကျော်ကျော်ပဲ ရှိဦးမယ်ထင်တယ် ဆိုတော့၊ အဲ့ဒီတော့ ကျွန်တော်တို့ အဲ့ဒီအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ပြောပေးပါဦး၊  အနာဂတ်လွှတ်တော် အခင်းအကျင်းပဲဖြစ်ဖြစ်   အခုရှိနေတဲ့ လွှတ်တော်အခင်းအကျင်းပဲဖြစ်ဖြစ်ပေါ့။

ဖြေ။ ။ အဲ့ဒီလို အမျိုးသမီးတွေ ပါဝင်လာအောင် လုပ်ဖို့ ဆိုလို့ရှိရင်တော့၊ ကျွန်မတို့ ဒီမဟာဗျူဟာ နည်းဗျူဟာအရတွေ ချရမယ်၊ သွားရမယ်၊ လုပ်ငန်းစဉ်တွေပြင်ရမယ် အများကြီးပေါ့နော်။ ဒါပေမယ့် အဓိကကျတဲ့ တစ်ချက်ကို ကျွန်မပြောချင်တာက၊ ဥပမာ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ၂၁ ပင်လုံတက်တဲ့အခါမှာ အမျိုုးသမီးကိုယ်စားလှယ် များများခေါ်လာပေးပါလို့ ပြောသော်ငြားလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဘယ်လိုပြောလဲဆို၊ သူတို့ကိုယ်တိုင်ကမလာတာတဲ့ ကျွန်တော်တို့ ခေါ်တယ်တဲ့ အဓိက ဘာလဲဆို သူတို့ကလေးတွေ ထားခဲ့လို့မှ မရတာ။ နောက် ကလေးတွေပါလာရင်   ကလေးခေါ်လာလို့ရဦးတော့ သူများတွေက သူတို့အပေါ်မှာ ရှုပ်တယ်လို့များ ငြိုငြင်မလား၊ သူတို့စိတ်ပူချက်တွေ ရှိတယ်။ နောက် ကလေးထားခဲ့ပြန်ရင်လည်း သူတို့စိတ်ထဲမှာ နောက်ဆံတင်းနေတာ၊ လူက အစည်းအဝေးခန်းထဲ ရောက်ပြီးတော့ စိတ်ကအိမ်မှာ ပြန်ရောက်နေတယ်၊ အဲ့ဒီလိုတွေ ဖြစ်တဲ့အခါကျတော့ ဒီအခင်းအကျင်းတွေပေါ့နော်။ ဥပမာ ကျွန်မတို့ နိုင်ငံတကာမှာ လုပ်သလိုမျိုး ရုံးတွေမှာ စာသင်ကျောင်းတွေမှာ ကလေးထိန်းတဲ့ ခန်းမတွေ ကလေးကစားနိုင်တဲ့ဟာတွေ၊ ကလေးစောင့်ရှောက်ပေးမယ့် လူပုဂ္ဂိုလ်စီစဉ်ထားပေးတာတွေ၊ နောက် နို့စို့ကလေးဆိုရင်လည်း အမေက အချိန်မရွေးသူ့ကလေးကို အောက်ဆင်းပြီးတော့ နို့တိုက်လို့ရတဲ့ အနေအထားလေးတွေ ပေါ့နော်၊ ဒီလိုမျိုးကနေစပြီးတော့ အမျိုးသမီးပါဝင်မှုကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေပေါ့၊ ဒီလို ကလေးထိန်းနိုင်တဲ့ အစီအစဉ်လေးတွေ လုပ်ငန်းခွင်နဲ့တွဲပြီးတော့၊ အစည်းအဝေးခန်းမတွေနဲ့ တွဲပြီးတော့ လုပ်ဆောင်ပေးနိုင်မှုအပြင် တစ်ဆင့်ချင်း တစ်ဆင့်ချင်း လက်တွေ့တကယ်ကျတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်လို့။

မေး။ ။ ဒါကတော့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ပြောခဲ့တာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံနဲ့ စိမ်းနေတယ် gender equality လို့ခေါ်တဲ့ အမျိုးသမီး နဲ့ အမျိုးသားပေါ့နော်၊ ညီမျှမှုမရှိတဲ့ အခြေအနေကိုလည်း ကျွန်တော်တို့ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲသင့်သလဲဆိုတာကို နည်းနည်းလေး ပြောပြပေးလို့ ရမလား။

ဖြေ။ ။ ကျွန်မတို့ကတော့ ဒါ ဒီနေ့ အရပ်ဖက်အဖွဲ့ အစည်းတွေ၊ အမျိုးသမီးအဖွဲ့ အစည်းတွေ ၊ gender နဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ပညာပေးနေတာတွေတော့ ရှိတယ် ဆိုတော့ ကျွန်မတို့ နေရာတကာတိုင်းမှာ ခုနကလိုပဲ ကျား/မပေါ့နော် လိင်ကွဲပြားမှုအပေါ်မှာ ခွဲခြားသတ်မှတ်ထားတဲ့ ကိစ္စရပ်တွေ အားလုံးဟာ ဘယ်ဟာက ဘယ်လောက်မှန်ကန်သလဲ၊ ဘယ်ဟာကျတော့ ပြန်လည်ဆန်းစစ်ဖို့ လိုသလဲ ဆိုတဲ့ဟာမျိုးတွေ ဒီအသိတရားတွေကို လူတွေရဲ့ ခေါင်းထဲဝင်သွားအောင် များများလုပ်ဖို့လိုတယ်။ ကျွန်မတို့ TV တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေမှာပေါ့နော် ပညာပေးတဲ့ အစီအစဉ်တွေ များများလုပ်ဖို့ လိုတယ်၊ လူတွေများများ မြင်တဲ့ နေရာတွေမှာ ဆိုင်းဘုတ်တွေ အရုပ်ပုံတွေနဲ့ လူတွေ ချက်ချင်းမြင်တာနဲ့ သဘောပေါက်သွားစေမယ့် ပညာပေးမှုတွေ၊ လူထုကြားမှာ ဒီလိုပညာပေးမှုတွေ အများကြီး ကျွန်မတို့စပြီး လုပ်ရင်တော့ တစ်ဖြေးဖြေးနဲ့ တိုးတက်လာနိုင်တယ်လို့ ထင်ပါတယ်ရှင့်။

မေး။ ။ ဒီဘက်ခေတ်မှာဆိုလို့ရှှိရင် အင်မတန်မှ ထင်ထင်ရှားရှားဖြစ်လာတယ်ပေါ့နော် gender ပဲပြောပြော၊ အမျိုးသမီးတွေကို အွန်လိုင်းကနေ နှောင့်ယှက်တာပဲဖြစ်ဖြစ်ပေါ့နော် အသရေပျက်စေတဲ့ ကိစ္စ ဝိစ္စတွေပေါ့နော်၊ ဥပမာဆို ဆိုရှယ်မီဒီယာဆို အများကြီးဖြစ်လာတာတွေရှိတယ် ၊ဒီအပေါ်မှာရော ထပ်ပြီးတော့မှ   ဆရာမပြောခဲ့သလိုဆိုလို့ရှိရင် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘယ်လိုကာကွယ်သင့်သလဲ၊ တားဆီးသင့်သလဲ၊ ပညာပေးသင့်သလဲ။

ဖြေ။ ။ ဒါတွေနဲ့ ပတ်သက်လို့ကတော့ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူပြီးတော့ ဥပဒေတွေ ပြုပြင်ပြောင်းလဲနိုင်အောင် ဘာညာပေါ့နော်၊ ဒါ လုပ်နေတာတွေ ရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ ဒါပေမယ့် အဓိက အကျဆုံးကတော့၊ ကျွန်မအမြင်အရ ဥပဒေ ဝန်ထမ်းတွေပေါ့နော်၊ ရှေ့နေတွေဖြစ်မယ် တရားရုံးက တရားသူကြီးတွေ၊ ရှေ့နေတွေ၊ နောက်တရားရုံးမှ တာဝန်ရှိသူတွေအဆင့်ဆင့်၊ ပြီးတော့မှ ရဲတွေ၊ ဒီနေရာတွေမှာ gender နဲ့ပတ်သက်ပြီး နားလည်အောင်လုပ်ဖို့လိုတယ်။ နောက်တစ်ခုက ဒီလိုအမျိုးသမီးတွေ အကြမ်းဖက်ခံလာရတဲ့ အခါမှာ တုံ့ပြန်ဖြေရှင်းတဲ့ နည်းလမ်းတွေ အကုန်လုံး ပြုပြင်ပြောင်းလဲဖို့လိုတယ်။ နောက်တစ်ခုက ရဲအရာရှိတွေထဲမှာလည်း gender ကိစ္စကို ကောင်းကောင်းသိပြီးသား အမျိုးသားရဲအရာရှိတွေအပြင် အမျိုးသမီးတွေကို ရဲအရာရှိ အဆင့်ထိ မြှင့်တင်ပြီးတော့မှ ဒီလိုလုပ်ငန်းစဉ် ကောင်းကောင်းကိုင်တွယ်ခိုင်းနိုင်မယ်ဆိုလို့ရှိရင် ခံစားချက်နဲ့ ယုံကြည်ချက်နဲ့ commitment နဲ့ လုပ်တဲ့အခါကျတော့ ပိုပြီးတော့ ထိရောက်အောင်မြင်မယ်လို့ ထင်တယ်၊ ဆိုတော့ အဓိကကတော့ ကျွန်မတို့ မူဝါဒတွေ ပေါ်လစီတွေ law တွေဖြစ်အောင်တော့ လုပ်နေတယ်။ ဒါပေမယ့် လက်တွေ့ကွင်းထဲမှာကတော့ အဓိကကျတဲ့ အစုအဖွဲ့တွေကို အရင်ပြင်ဆင်ပေးနိုင်ခြင်းကတော့ ကျွန်မတို့ ပိုပြီးတော့ ထိရောက်အကျိုးရှိတဲ့ ဖြစ်စဉ်တွေပေါ်လာမယ် လို့ မျှော်လင့်ပါတယ်။

မေး။ ။ ဆရာမ ခုနက ပြောခဲ့ပါတယ်၊ ဒီသင်ရိုးညွန်းတမ်းတွေမှာ အဖေဆိုလို့ရှိရင် ငွေရှာရမယ်၊ အမေဆိုလို့ရှိရင် အိမ်မှုကိစ္စလုပ်ရမယ်၊ ကလေးအတွက် အစရှိသည်အားဖြင့်ပေါ့နော်။ လူတွေရဲ့ mind set က gender equality လို့ပဲ ပြောပြောပေါ့နော်။ gender issue အပေါ်မှာ အမြင်ပဲဖြစ်ဖြစ်၊   ကျွန်တော်တို့ ယဉ်ကျေးမှုမှာ အဲဒါမျိုး ကွဲကွဲပြားပြားပေါ့နော်။ ရှင်းရှင်းလင်းလင်းမမြင်တာတွေ ရှိပါသေးတယ်၊ အဲ့ဒီအပေါ်မှာလည်း ထပ်ဖြည့်ပြောပေးပါခင်ဗျား။

ဖြေ။ ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာပေါ့နော်၊ ဒီမြန်မာလူမျိုးတွေ အပါအဝင်ပေ့ါ၊ တိုင်းရင်းသား လူမျိုးတွေကြားထဲမှာ အမျိုးသမီးနဲ့ အမျိုးသားပေါ့နော်၊ ခွဲခြားထားတဲ့ ဓလေ့ထုံးတမ်းတွေ အများကြီးရှိပါတယ်၊ ဆိုတော့ အဲ့ဒီအပေါ်မှာ လူတွေက အသားကျပြီးတော့ လက်တွေ့မှာ ဒါတွေကိုကျင့်သုံးလက်ခံပြီးတော့ လိုက်နာကျင့်သုံးလာခဲ့ကြတဲ့ အခါမှာကျတော့ အခုအချိန်မှာ ဒါကြီးတွေက ဥပမာ မုဒိမ်းမှုဖြစ်တယ် ကြက်တစ်ကောင်ပေးပြီး ရော်လိုက်တယ်။ ဒါက ဓလေ့ထုံးတမ်းအရ ဒါကို ကျေနပ်စရာလို့ မြင်ကြတယ်ပေါ့နော်၊ ဆိုတော့ ဒီလိုဓလေ့ထုံးတမ်းတွေက တကယ်ပဲ တန်ဖိုးရှိသလား၊ ကျွန်မတို့ လူမျိုးတစ်မျိုးရဲ့ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းဖို့ ဆိုလို့ရှိရင် ဒီလို အကျိုးမရှိတဲ့ ဓလေ့ထုံးတမ်းတွေကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ ဆိုတဲ့ဖက်ကနေ ချည်းကပ်ပြီးတော့ပေါ့နော်၊ ကျွန်မတို့ အနာဂတ်ကို သေသေချာချာ ရှုမြင်ပြီးတော့ ဒီလိုပြုပြင် ပြောင်းလဲမှုတွေလုပ်မယ့် အဖွဲ့အစည်းတွေ များများလိုပါတယ် ။ အဲ့ဒီလိုလုပ်မှသာ ကျွန်မတို့ ဒါကတော့ ဓလေ့ထုံးတမ်းနဲ့ ပတ်သက်တဲ့ဟာပေါ့နော်၊ ခုနကလို ပညာရေးနဲ့ပတ်သက်ရင်တော့ အရေးအကြီးဆုံးပဲ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီးတော့ ဥပမာ အကြမ်းဖက်ခံရတယ် ဆို အမျိုးသမီးတွေနဲ့ပဲဆိုင်တယ် မိန်းကလေးတွေကိုပဲ သင်တယ်၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုတာ၊ တကယ်တမ်းကျတော့ ယောကျာ်းလေးတွေကိုလည်း ငယ်ငယ်လေးကတည်းက မိန်းကလေးတွေ အပေါ်မှာ ဘယ်လိုဆက်ဆံရမယ် ဆိုတဲ့ဟာမျိုးပေါ့နော်၊ အပြန်အလှန်လေးစားမှုတွေ ဘယ်လို လုပ်ရမယ်၊ ကျား နဲ့ မ ဆိုတဲ့ မတူကွဲပြားမှုက ခွဲခြားဆက်ဆံစရာ အကြောင်းမရှိဘူး ဆိုတာမျိုး နားလည်အောင်ပေါ့နော်၊ ငယ်ငယ်ကတည်းက ဒီလိုလေ့ကျင့်ပေးမယ်ဆိုရင်တော့ ပန်းတိုင်ကို အမြန်ရောက်နိုင်မယ်။ ဒါပေမယ့် အဲ့ဒီလို လက်တွေ့စလုပ်ဖို့့ပဲ ကျွန်မတို့ ကြန့်ကြာနေတာတွေ အများကြီးရှိနေတာပေါ့နော်။

မေး။ ။ ထပ်ဖြည့်ပြီးတော့ ထပ်မေးရမယ်ဆိုလို့ ရှိရင်   ယဉ်ကျေးမှုလို့ပဲပြောပြောပေါ့နော်၊ အစွဲတွေက ရှိကြပါတယ်၊ မိဘက သားသမီးကိုပေါ့နော် သမီးမိန်းကလေးကိုပြောတာ၊ အပြင်သွားတယ်ဆိုလို့ရှိရင် နင့်အဝတ်အစားက ဘယ်လိုဝတ်သွားတာလဲ လုံလုံခြုံခြုံဝတ်ပါ ဘာညာပေါ့နော်။    တစ်ခုခုဖြစ်တယ်ပေါ့နော်၊ ဥပမာ ဆိုကြပါစို့ ဗလက္ကာယ ပြုကျင့်ခံရမှုပဲဖြစ်ဖြစ်၊ အဓမ္မပြုကျင့်ခံရမှုပဲ ဖြစ်ဖြစ်ပေါ့နော် နေပုံ၊ စားပုံ၊ ဝတ်ပုံက ဒီလိုမျိုးဖြစ်နေတော့ အဲ့ဒီ mind set ကိုရော ကျွန်တော်တို့ ဘယ်လိုပြောင်းဖို့ လိုပါသလဲ။

ဖြေ။ ။ အဲ့ဒီဟာကိုလည်း ဒီနေ့ကာလမှာကတော့ တစ်စုံတစ်ရာတော့ ဒီမီဒီယာတွေထဲကနေပြီးတော့ ပညာပေးလာတာလေးတွေတော့ ရှိလာပါတယ်။ ဥပမာ အဝတ်အစားကြောင့်ဖြစ်တယ်ဆို သီလရှင်တွေဖြစ်တာရော ဘယ်လိုပြောမလဲပေါ့။ နောက် ကလေးငယ်တွေဖြစ်တာရော ဘယ်လိုပြောမလဲပေါ့။ ဒါမျိုးမေးခွန်းတွေ ပြန်ထုတ်လာတာတွေရှိတယ်ပေါ့နော်၊ ဆိုတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းကြီးမှာ အကြမ်းဖက်ခံရသူကို ပြန်ပြီးတော့ အပြစ်တင်တဲ့စိတ်ပေါ့နော်၊ ဒါကတော့ အင်မတန်မှ ပြုပြင်ရမယ့် စိတ်ဖြစ်တယ်၊ ကျွန်မတို့ လူ့အဖွဲ့အစည်းက ၁၉၄၇ နောက်ပိုင်း လွတ်လပ်ရေးရတဲ့ ကာလကနေပြောမယ်ဆိုရင်တော့ အခုက အနှစ် ၇၀ လောက်မှာ စစ်ပွဲတွေဒဏ်၊ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ဒဏ်၊ အဲ့ဒီလိုမျိုး ဒဏ်တွေနဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေ နိမ့်ကျခဲ့တဲ့ ဒဏ်တွေနဲ့ လူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ အကုန်လုံးက ဒီ ပုံစံခွက်ထဲမှာ ရောက်နေတဲ့အပြင်ကို သူတို့ရဲ့ အတွေးအမြင် အကုန်လုံးက အဆောက်အအုံဟောင်းထဲကနေပြီးတော့ ထိုးထွက်လို့ မနိုင်ဘူး။ တစ်ရက် တစ်ရက်မှာ နေ့တစ်ဓူဝ သူတို့ ရှာဖွေစားသောက်ဖို့ အတွက် တစ်နေ့စာ ဝမ်းစာအတွက်တစ်နေ့ အပြိုင်အဆိုင် ရုန်းကန်နေရတဲ့ ကာလမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက်ကိုလည်း ဖေးမတဲ့ဟာ၊ နားလည်ပေးတဲ့ဟာ ကိုယ်ချင်းစာတရားပေါ့နော် ဒါတွေက အများကြီးပဲ ပျေက်ဆုံးနေတယ်လို့ ပြောလို့ရတယ်၊ ဆိုတော့ ဒီဟာတွေအကုန်လုံးကို ကျွန်မတို့ ပြန်ပြီးတော့ ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က   ကြာကောင်း ကြာနေမယ်။ ဒါပေမယ့် ကျွန်မတို့ တစ်ပြိုင်နက်ထဲမှာ လုပ်ရတာက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးလာအောင်လို့ ကျွန်မတို့ တစ်နိုင်တစ်ပိုင် အဖွဲ့အစည်းတွေ၊ နောက် လူငယ်လူရွယ်တွေ ဒါတွေကို တကယ်နားလည်တဲ့ အသိတရားရှိတဲ့သူတွေက တစ်နိုင်တစ်ပိုင် စပြီးတော့ ကိုယ့်ရပ်ကွက်မှာ ကိုယ့်မိသားစု အတွင်းမှာ ပတ်ဝန်းကျင်မှာ စပြီးတော့ ပြုပြင်ပြောင်းလဲနိုင်အောင် လုပ်ဆောင် သွားနိုင်ဖို့ လိုမယ်လို့ ကျွန်မမြင်ပါတယ်။

မေး။ ။ ကျွန်တော်တို့ အချိန်လည်း နည်းနည်းလင့်နေပြီဆိုတော့ ထပ်ဖြည့်ပြောချင်တာရှိရင် ပြောပေးပါခင်ဗျာ။

ဖြေ။ ။ ထူးထူးထွေထွေတော့ မရှိပါဘူး၊ ဒါပေမယ့် အမျိုးသမီးတွေ ပါဝင်မှုက နေရာတိုင်းမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ ဆိုတဲ့နေရာမှာ ဒီမီဒီယာတွေ နောက်ပိုင်း လုပ်လာတဲ့ အစီအစဉ်လေးတွေရှိပါတယ်၊ အဲ့ဒီနေရာတွေမှာလည်း ဒီအစီအစဉ်တွေကို လုပ်ဆောင်တဲ့ လူတွေအနေနဲ့ပင်လျှင် ဒါတွေကို တကယ်လေ့လာထားပြီးတော့မှ နားလည်ထားပြီးတော့မှ ဘယ်အခြေအနေမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်နိုင်မလဲ။ နောက်တစ်ခုက အခမ်းအနားတွေ         ပွဲတွေမှာဆိုရင် အမျိုးသားတွေချည်းပဲ ဖိတ်ခေါ်တာမျိုးထက် ငါးယောက်ဆိုရင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးလောက် ပါလာနိုင်အောင် လုပ်ဆောင်နိုင်တဲ့ဟာမျိုးတွေပေါ့နော်။  ဒီလိုမျိုးတွေ လက်တွေ့လုပ်နိုင်တဲ့ဟာမျိုးလေးတွေပေါ့။ အဲ့ဒီလိုမျိုးတွေထဲမှာ မေးခွန်းတွေများများ ထုတ်ပေးတဲ့ဟာမျိုး၊ ဘာဖြစ်လို့ အမျိုးသမီးတွေ တအားနည်းနေတာလဲ၊ အမျိုးသမီးတွေထဲမှာ စကားပြောနိုင်တဲ့သူ တစ်ယောက်မှမရှိလို့လား စသဖြင့်ပေါ့နော်၊ မေးခွန်းတွေ များများထုတ်ပေးနိုင်ရင် ကောင်းမယ်လို့။ အဓိကက မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားတယ်၊ အားလည်းကိုးတယ်၊ ဆိုတော့ ဘက်ပေါင်းစုံမှာ ပြုပြင်ပြောင်းလဲဖို့ ဆိုရင်တော့ မီဒီယာက ဒီအပိုင်းထဲမှာလည်း ဒီလို လုပ်ဆောင်ပေးတာမျိုး လုပ်စေချင်ပါတယ် လို့။     ။

  အနာဂတ် ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဘယ်သို့ရှိမလဲ အပိုင်း ( ၁ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/53053

Mizzima Weekly