ထီလက်မှတ် စျေးတင်ရောင်းသည့် ကိုယ်စားလှယ် ၃၈၀ ဦးကို ဝယ်ယူခွင့်ပိတ်သည့် ပြစ်ဒဏ်ချထားဟု ဆို

ထီလက်မှတ် စျေးတင်ရောင်းသည့် ကိုယ်စားလှယ် ၃၈၀ ဦးကို ဝယ်ယူခွင့်ပိတ်သည့် ပြစ်ဒဏ်ချထားဟု ဆို

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ။         ။ ထီလက်မှတ်များကို သတ်မှတ်ထားသည့် စျေးနှုန်းဖြင့် ရောင်းချခြင်း မပြုဘဲ စျေးတင်ရောင်းချသည့် ကိုယ်စားလှယ် ၃၈၀ ဦးကို ထီလက်မှတ် ဝယ်ယူခွင့် ပိတ်ပင်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁ဝရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေ အစီရင်ခံစာနှင်​့ စပ်​လျဉ်​းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခဲ့ပြီး ၄င်​းအချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းရာတွင် ထိုကဲ့သို့ပြောကြားခြဲ့ခင်းဖြစ်သည်။

“ထီလက်မှတ်များကို သတ်မှတ်တန်ဖိုးထက်ပိုမိုရောင်းချသူများနှင့် ပတ်သတ်ပြီး ကိုယ်စားလှယ် ၃၈၀ ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်သိမ်းသည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်”ဟု  ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ထိုသူများထံမှ သိမ်းယူရရှိထားသည့် စပေါ်ငွေသည် ကျပ် ၁၂၃.၂၃၄ သန်းဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ထီလုပ်ငန်းလုပ်ကိုင်သူများကို  အခွန်ကင်းလွတ်ခွင့်ပြုထားသည်ဆိုသည့် ဆွေးနွေးထားချက်ကို ရှင်းလင်းရာတွင် လက်မှတ် ၁၁ စောင်တွင် ၁၀ စောင်ဖိုးကိုသာ နိုင်ငံတော်မှ ဘဏ္ဍာငွေအဖြစ်နှင့် ဆုခွဲဝေပေးနိုင်ရေးအတွက် ရောင်းချသူက ပြန်လည်ပေးသွင်းရပြီး တစ်စောင်ကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူခြင်းမရှိဘဲ ရောင်းချရသည့် ၁၀ စောင်ဖိုးထဲမှ ကုန်ကျစရိတ်ကို နုတ်ပယ်ကာ ဝင်ငွေခွန်ကို ကောက်ခံကြောင်း သိရသည်။

ဆုမဲလာရောက်ထုတ်ယူခြင်းမရှိသည့် ပိုက်ဆံများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းမည့်အစား ပြည်သူများအပေါ် ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးနိုင်ရေးနှင့် ထီဆုမဲများကို သိန်း ၂၀၀၊ ၃၀၀  အစရှိသဖြင့်  ဆုမဲများ ခွဲဝေရေး ဆွေးနွေးချက်နှင့်ပတ်သတ်ပြီး မှတ်သားထားကာ လိုအပ်သည်များကိုသုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောကြားသည်။

အစိုးရမှ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့ပြီး တစ်စောင်လျှင်  ၂ ကျပ်နှုန်းဖြင့် စတင်ရောင်းချခဲ့သည်။

လက်ရှိတွင် ကျပ်သိန်းတစ်သောင်းဆုမဲ အတွက် အိတ်ဖြင့်ထည့်ထားသည့် ထီလက်မှတ်တစ်စောင်လျှင် ငွေကျပ် ၆၀၀ ပေးချေရပြီး၊ အလွတ်တစ်စောင်လျှင် ငွေကျပ် ၅၀၀ နှုန်း ပေးဝယ်ယူနေရသည်။

ထိုသို့ အရေးယူနေသော်လည်း ထီထွက်ရက်နီးသော လကုန်ရက်များတွင် ထီ တစ်စောင်လျှင် ကျပ် ၇၀၀ အထိ ရောင်းချနေမှုများ ရှိနေသည်ဟု ထီထိုးသူများထံမှ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly