ကမ္ဘာမှာ ဒုတိယအဆိုးဆုံး အီဘိုလာ ဖြစ်ပွားမှုကြောင့် ကွန်ဂိုနိုင်ငံမှာ သေဆုံးသူ ၂၈၀ ကျော် ရှိနေ

ကမ္ဘာမှာ ဒုတိယအဆိုးဆုံး အီဘိုလာ ဖြစ်ပွားမှုကြောင့် ကွန်ဂိုနိုင်ငံမှာ သေဆုံးသူ ၂၈၀ ကျော် ရှိနေ
Photo: EPA

ကင်ရှာဆာ၊ ဒီဇင်ဘာ ၁၁ ။      ။  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ သမိုင်းမှာ အဆိုးဆုံး အီဘိုလာ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေရာမှာ တနင်္လာနေ့အထိကဆိုရင် သေဆုံးသူ ဦးရေဟာ ၂၈၃ ဦးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ကွန်ဂိုကျန်းမာရေး ဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ညပိုင်းက ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၂၃၅ ဦးကို အတည်ပြုထားတာ ဖြစ်ပါတယ်။ ကျန် ၄၈ ဦးက သေဆုံးနိုင်ဖွယ်ရှိတဲ့ ဦးရေဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။

တစ်ချိန််တည်းမှာပဲ အီဘိုလာဖြစ်စဉ် စုစုပေါင်း ၄၉၄ ဦး ရှိထားရာမှာ ၄၄၆ ဦးကတော့ ကူးစက်ဖြစ်ပွားကြောင်း အတည်ပြုနိုင်ပြီး ကျန် ၄၈ ဦးက ကူးစက်ခံထားရမှု ဖြစ်နိုင်ခြေရှိနေတဲ့ ဦးရေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ အီဘိုလာဖြစ်ပွားတဲ့ အခြေအနေနဟာ နိုင်ငံသမိုင််းမှာ အဆိုးဆုံးလို့ မှတ်တမ်းတင်ထားတဲ့ ၁၉၇၆ သြဂုတ်လအတွင်းက ယမ်ဘူကူမြို့က အီဘိုလာကူးစက်ပြန့်ပွားမှုထက် ပိုမိုဆိုးဝါးနေတယ်လို့ သုံးသပ်ထားပါတယ်။

ကာကွယ်ရေးထိုးပေးမှုကို သြဂုတ်် ၈ ရက်ကတည်းက စတင်ခဲ့တာဖြစ်ညပီး ဘီနီ၊ ကတ်ဝါ၊ မာဘာလာကိုနဲ့ ဘူတမ်ဘိုမြို့တွေမှာ လူပေါင်း ၄၃၄၅၀ ဦးရေကို ကာကွယ်ရေး ထိုးပေးထားပြီးကြောင်း သိရပါတယ်။

အခုဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်ဖြစ်ပွားမှုဟာ ဇွန်လအတွင်းက အခြားသော အီဘိုလာဖြစ်ပွားခဲ့မှု အဆုံးသတ်ပြီလို့ သြဂုတ် ၈ ရက်က ကြေညာပြီး အချိန်ပိုင်းမှာပဲ ထပ်မံဖြစ်ပွားပေါ်ပေါက်လာတဲ့ အီဘိုလာ ဖြစ်ပွားမှုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကွန်ဂိုရဲ့ လက်ရှိ အီဘိုလာဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆိုးဝါးဆုံး ဖြစ်ပွားမှုလို့ ကြေညာထားပါတယ်။

အဆိုးဆုံး အီဘိုလာဖြစ်ပွားမှုဟာ ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်ကြား အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၁၁၀၀၀ ကျော်ထက်မနည်း ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly