အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့မှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပုံစံတူရုပ်တုကို မီးရှို့ပြီး ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့မှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပုံစံတူရုပ်တုကို မီးရှို့ပြီး ဆန္ဒပြ

မနီလာ၊ ဒီဇင်ဘာ ၁၁ ။     ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ပြည်သူ ၁၀၀၀  ကျော်ထက််မနည်းဟာ ဆန္ဒပြကြပြီး သမ္မတ ဒူတာတေးရဲ့ ပုံစံတူရုပ်တုကို မီးရှို့ခဲ့ကြပါတယ်။

တနင်္လာနေ့မှာ ဖြစ်ပွားတဲ့ ဒီဆန္ဒပြမှုမှာ အရပ်ဖက်အဖွဲ့အစည်းတွေက သမ္မတဒူတာတေးအနေနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကို အဆုံးသတ်သင့်ပြီလို့ တောင်းဆိုကြပါတယ်။ အလုပ်သမားအဖွဲအစည်းတွေက လုပ်ခလစာတွေ တိုးမြှင့်ဖို့ တောင်းဆိုပါတယ်။

လူမတ်စ်တိုင်းရင်းသားတွေကတော့ နိုင်ငံတောင်ပိုင်းမှာ ပြဌာန်းထားတဲ့ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ လိုလားတောင်းဆိုပြီး ကျန်းမာရေးဆိုင်ရာ အုပ်စုတွေက အခမဲ့ဆေးရုံတက်ရောက်ခွင့်ကို တောင်းဆိုကြောင်း အီးပီအေသတင်းထောက်က သတင်းပေးပို့ပါတယ်။

အဆိုပါ ဆန္ဒပြလူအုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အစိုးရနဲ့ သူပုန်ကြား ငြိမ်းချမ််းရေးဆွေးနွေးပွဲတွေ ပြန််စရေးတို့ကိုလည်း တောင်းဆိုကြတာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့က အခြားမြို့တွေမှာလို လူအင်အား ရာချီတဲ့ ဆန္ဒပြသူတွေဟာ စုရုံးချီတက်ကြပါတယ်။

ဒီလိုအချိန်မှာပဲ ဒူတာတေးအစိုးရက ၎င်းတို့အနေနဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ တနင်္လာနေ့က ပြောလာခဲ့ပါတယ်။

“အပြစ်မဲ့ပြီး ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ရာဇဝတ်မှုကျုးလွန်သူတွေ၊ အကျင့်ပျက်ခြစားသူတွေ၊ အကြမ်းဖက်ဝါဒ၊ ပုန်ကန်မှုနဲ့ မိသားစုနဲ့  လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို မဆုတ်မနစ် ဆက်လက်နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။”လို့ လူ့အခွင့်အရေးကော်မတီ ဥက္ကဌက ဆယ်ဗာဒိုက ပြောပါတယ်။

သမ္မတ ဒူတာတေး ရာထူးတက်လာချိန်ကစပြီး မူးယစ်စစ်ပွဲ ဆင်နွှဲရာမှာ  လူပေါင်း ၁၂၀၀၀ ကျော် သေဆုံးရကြောင်း လူ့အခွင့်အရေး အုပ်စုတွေက ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required