သံဃာတစ်ပါးနှင့် လူတစ်ဦးတို့ကို သတ်သွားသူအား ဖမ်းဆီး

By မျိုးထွန်းနိုင်
10 December 2018
သံဃာတစ်ပါးနှင့် လူတစ်ဦးတို့ကို သတ်သွားသူအား ဖမ်းဆီး
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။         ။ မိုးကုတ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ အေးစေတီကျောင်းတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ညကဖြစ်ပွားခဲ့သော သံဃာတစ်ပါးနှင့် လူတစ်ဦး အသတ်ခံရမှုဖြစ်စဉ်အတွက် ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းရရှိသည်။

 ဖြစ်စဉ်မှာ ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်၊  ည ၆ နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ အုန်းကိုင်းရွာသစ်ကျေးရွာတွင် နေထိုင်သော ရှမ်းရှော(ခ)သားချစ်(ခ)အောင်ဇော်ဝင်း(၄၃)နှစ်သည် မိုးကုတ်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ အေးစေတီကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဥူးဇတိလသည် မြို့သာမြို့သို့ ခရီးထွက်သွား၍ ကျောင်း၌ စောင့်အိပ်ပေးရန် ည ၈ နာရီအချိန်တွင် သွားရောက်ခဲ့သည်။ နောက်တစ်နေ့ နံနက် ၁၁ နာရီအချိန်တွင်  ရှမ်းရှော(ခ)သားချစ်(ခ)အောင်ဇော်ဝင်း၏ ဇနီးဖြစ်သော ဒေါ်အေးမိစံမှ ဘုန်းကြီးကျောင်းသို့ လိုက်သွားစဉ် ရှမ်းရှော(ခ)သားချစ်(ခ)အောင်ဇော်ဝင်းနှင့် အဆိုပါကျောင်းမှ သံဃာတစ်ပါးဖြစ်သော ဥူးပညာစက္က (ခ) ဦးမျိုးမြင့်(၆၃)နှစ်၊ (၃)ဝါတို့မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ဝရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 အဆိုပါဖြစ်စဉ်အတွက် အရေးယူပေးရန်တိုင်တန်းချက်အရ မိုးကုတ်မြို့မရဲစခန်း(ပ)၃၀၁/၂၀၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းခဲ့ရာကျောင်းတိုက်ဝန်း၏ အနောက် မြောက်ဘက် ပေ(၃၀၀)ခန့်အကွာရှိ တဲအနီးတွင် သွေးများစွန်းပေနေသည့် အဝါရောင်သဲကြိုးတပ် အဖြူရောင် ဖော့ဖိနပ် တစ်ရံအား တွေ့ရှိခဲ့ကြောင်း သိရသည်။  အဆိုပါနေရာမှာ မိုးကုတ်မြို့၊ ရွှေကူ(၁၈)ရပ်ကွက်တွင်နေထိုင်သော ဦးစောဆီး (ခ)အဆီးဖ(၆၅)နှစ်၏ စိုက်ပျိုးရေးခြံဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းခြံအတွင်း ဝင်ရောက်စစ်ဆေး ခဲ့ရာ ဦးစောဆီး(ခ)အဆီးဖနှင့် သားမက်ဖြစ်သူ စိုလိုမို(၃၉)နှစ်၊ ကာလက်(၄၂)နှစ်၊ နေလင်းဦး (၂၉)နှစ်တို့မှာ ခြံဝင်းအတွင်း၌ တရားမဝင်ကျောက် တူးဖော်နေသည်ကိုတွေ့ရှိရ၍ မိုးကုတ်မြို့မ ရဲစခန်းမှ (ပ)၃၁၇/၂၀၁၈၊ ကျောက်မျက်ပုဒ်မ ၄၁(က)ဖြင့် အရေးယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့(၄)ဦးအနက်မှ ကာလက်ဆိုသူအား စစ်ဆေးခဲ့ရာ ၎င်းမှာ ငွေလိုသဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့ညတွင် အေးစေတီကျောင်း၌ ကျောင်းထိုင် ဆရာတော်မရှိဘဲ မယ်တော်ဖြစ်သူ ဒေါ်အုန်းတင် နှင့် သေဆုံးသူ ဥူးပညာစက္က(ခ)မျိုးမြင့်တို့ နှစ်ဦးတည်းရှိကြောင်းသိရှိရ၍ လုယက်ရန်အတွက် ကျောင်းတိုက်သို့ သွားခဲ့ကြောင်းထွက်ဆိုခဲ့သည်ဟု သိရသည်။

ကျောင်းတိုက်ရောက်ချိန်တွင် ဥူးပညာစက္က(ခ)မျိုးမြင့်၊ ဒေါ်အုန်းတင် နှင့် ရှမ်းချော(ခ) သားချစ် (ခ) အောင်ဇော်ဝင်းတို့ (၃)ဦးအား တွေ့ရှိသဖြင့် လုယက်မှုကျူးလွန်ခဲ့နိုင်ခြင်းမရှိဘဲ ရှမ်းချော (ခ) သားချစ် (ခ)အောင်ဇော်ဝင်းနှင့် ဥူးပညာစက္က(ခ) မျိုးမြင့်တို့အား လက်ထဲတွင်ပါလာသည့် အရှည်(၁၇)လက်မခန့်ရှိသော ဓားမဖြင့်ခုတ်၍ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

 ထို့ကြောင့် အဆိုပါအမှုအား လူသတ်မှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly